အီရန်တော်လှန်ရေးအစောင့်တပ်တွေဟာ ဂြိုဟ်တုသယ်နိုင်တဲ့ ဒုံးပျံအသစ်ကို နိုဝင်ဘာ ၅ ရက်က စမ်းသပ်ခဲ့ပြီး အမေရိကန်ကို ဒေါသဖြစ်စေမယ့် တိုးတက်မှုတစ်ခုလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
အီရန်နိုင်ငံပိုင် မီဒီယာမှာ ထုတ်လွှင့်နေတဲ့ ဓာတ်ပုံတွေထဲမှာ Ghaem 100 ဂြိုလ်တုတင် ဒုံးပျံဟာ အမည်မသိနေရာ ကနေ ထွက်ခွာသွားတာကို ပြသခဲ့ပါတယ်။
ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းအတွင်း ချထားရာမှာ သုံးတဲ့ တာဝေးပစ် ပဲ့ထိန်းနည်းပညာကို နျူကလီယား ထိပ်ဖူးတွေ လွှတ်တင်ရာမှာ သုံးနိုင်လာမှာကို အမေရိကန် အစိုးရက စိုးရိမ်နေ တာပါ။
အီရန်အစိုးရကတော့ အဲဒီလို ရည်ရွယ်ချက်မရှိဘူးလို့ ပုံမှန်ငြင်းဆို ထားပါတယ်။ ဒီစစ်ဆင်ရေး ဟာ အစိုင်အခဲ လောင်စာအင်ဂျင်နဲ့ ဂြိုဟ်တုတင်ဒုံးပျံရဲ့ ပထမဆုံး ပတ်လမ်းခွဲအဆင့်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ အီရန်ရဲ့ နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ဖော်ပြခဲ့ပါတယ်။
အီရန်ရဲ့ ပထမဆုံး အဆင့်သုံးဆင့် လွှတ်တင်ရေး ယာဉ် Ghaem 100 ဟာ အလေးချိန် (၁၇၆ ပေါင်) ရှိတဲ့ ဂြိုလ်တုတွေကို ကမ္ဘာမြေမျက်နှာပြင် ကနေ မိုင် ၃၁၀ အကွာက ပတ်လမ်းအတွင်း ထားနိုင်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး ဒုံးကျည် အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ အီရန်ဟာ ပြီးခဲ့တဲ့ နှစ်နည်းနည်းအတွင်း ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ခဲ့ဘဲ နည်းပညာဆိုင်ရာ ပြဿနာတွေ ရှိခဲ့ပါတယ်။
ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနဲ့ သဘောတူညီချက်အရ နျူကလီယားလက်နက်တွေ လွှတ်တင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ် လွှတ်တင်တာကို ရှစ်နှစ်အထိ ရပ်ဆိုင်းထားဖို့ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မှာ အီရန်အစိုးရကို တောင်းဆိုထားပါတယ်။
နျူလက်နက် ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်တုန်းကမှ မလိုက်စားခဲ့ဘူးလို့ အီရန်က ပြောပါတယ်။
DVB ရုပ်သံလိုင်း ဖမ်းယူကြည့်ရှုနိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ်တွေ၊ တည်းခိုရိပ်သာတွေနဲ့ ခရီးသွား လုပ်ငန်းတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ခြိမ်းခြောက် သတိပေး ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ရေးသားထုတ်ဝေပြသခွင့်ပိတ်သိမ်းထားတဲ့ DVB၊ 7days၊ Myanmar Now၊ မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ပြသမှုတွေကို ဖမ်းယူကြည့်ရှုနိုင်ဖို့ တရားမဝင် ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်တွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ ဟိုတယ်၊ တည်ခိုခန်းနဲ့ ခရီးသွားလုပ်ငန်းတွေကို တည်ဆဲဥပဒေအရ၊ အမိန့်၊ ညွှန်ကြားချက်တွေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ခရီးသွားဌာနက နိုဝင်ဘာလ ၂၂ ရက်မှာ တရားဝင်စာထုတ်ပြန်လိုက်တာပါ။
အမိန့်ထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့အဖွဲ့အစည်းတွေကလွဲပြီး မှတ်ပုံတင်ထားခြင်း၊ လိုင်စင်ရယူထားတာမရှိတဲ့ ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်တွေကို သက်ဆိုင်ရာမြို့နယ်နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကို အပ်နှံရမယ်လို့လည်း ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီးနောက် လွပ်လပ်တဲ့ သတင်း မီဒီယာတွေကို ပိတ်သိမ်းပြီး ရာနဲ့ချီတဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် DVBနဲ့ မဇ္ဈိမ ရုပ်သံလိုင်းတွေ ဖမ်းယူကြည့်ရှုနိုင်တဲ့ ဂြိုဟ်တုစလောင်းတွေကို နိုင်ငံအနှံ့ လိုက်လံ သိမ်းဆည်းတာ၊ ဖျက်ဆီးတာတွေနဲ့ စလောင်းတပ်ထားတဲ့ နေအိမ်တွေက အိမ်ရှင်တွေကို ဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။