အမေရိကန်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂွါတာနာမို ထောင်ထဲမှာ ၁၅ နှစ်ကြာ တရားမစွဲဘဲ ထိန်းသိမ်းထားခံခဲ့ရတဲ့ အာဂန်နစ္စတန်နိုင်ငံသား အာ့ဆာဒူလာ ဟာရွန်းဂူးလ်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ဂူးလ်ကို အမေရိကန်စစ်တပ်က ၂၀၀၇ ခုနှစ်က ဂျလာလာဘတ်မြို့ကနေ ဖမ်းခဲ့တာဖြစ်ပြီး အဲဒီနောက် တရားမစီရင်ဘဲ ၁၅ နှစ်ကြာ ထိန်းသိမ်းထားခဲ့တယ်လို့ တာလီဘန် အရာရှိတွေက ပြောပါတယ်။
ပြန်လွတ်မြောက်လာတဲ့ ဂူးလ်ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်မှာ တာလီဘန် အရာရှိတွေ၊ စစ်သည်တွေ၊ မီဒီယာတွေနဲ့ စေတနာရှင်တွေ ဇွန် ၂၅ ရက်က လာရောက် စုရုံးတွေ့ဆုံခဲ့ကြပါတယ်။
ပြန်လွတ်လာသူ ဂူးလ်က “ကျနော့်ကို ထောင်ထဲမှာ ထိန်းသိမ်းထားတာ တရားမဝင်ပါဘူး။ သူတို့မှာ သက်သေမရှိဘူး။ အမေရိကန်တွေဟာ စွဲချက် တခုမဟုတ်တခု အခိုင်အမာ ပြောနေခဲ့ပြီး အမှုကိုလည်း တခုပြီးတခု ပြောင်းနေခဲ့တယ်။ သူတို့ အချိန်ဆွဲတာသက်သက်ပဲလို့ ထင်တယ်”လို့ သတင်းထောက်တွေကို အာဖဂန် လေဆိပ်မှာ ပြောပါတယ်။
အကျဉ်းထောင်ထဲမှာ အခွင့်အရေးတွေ ရှင်းရှင်းလင်းလင်း ချိုးဖောက်ခံရပြီး သူ့အပေါ် တလွဲပြောဆိုချက်တွေနဲ့ နှိပ်စက်ပုံတွေကို နောင်ကျရင် အသေးစိတ် ထုတ်ပြောကောင်း ပြောသွားမယ်လို့လည်း ဂူးလ်က ပြောပါတယ်။
ယာယီ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အာမီယာခန်း မတ်တာကီက “ဂူးလ်ဟာ ဘာရာဇဝတ်မှုကိုမှ မကျူးလွန်ခဲ့ဖူးဘူး။ သူ့ကိုပြန်လွှတ်လိုက်တာဟာ တာလီဘန်အစိုးရရဲ့ တရားဝင်မှုကို သက်သေပြနေတယ်” လို့ပြောပါတယ်။
ဂူးလ်ဟာ ဂွါတာနာမိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံရတဲ့ နောက်ဆုံးအာဖဂန်နိုင်ငံသား နှစ်ယောက်ထဲက တယောက်ပါ။
အမေရိကန် ကုန်သွယ်ရေးမျှော်စင်ညီနောင်နဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တဲ့ 9/11 တိုက်ခိုက်မှုအပြီး အယ်လ်ကေဒါတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိသူတွေကို စစ်မေး ထိန်းသိမ်းထားဖို့ ဂွါတာနာမိုဘေး ထောင်ကို ၂၀၀၂ ဇန်နဝါရီလမှာ အမေရိကန် အစိုးရက ဖွင့်လှစ် ခဲ့တာပါ။
နိုင်ငံအတော်များများက ဒါဇင်ချီတဲ့ သံသယရှိသူတွေကို အဲဒီထောင်ဆီ ပို့ခဲ့ပြီး အများအပြားဟာ တရားစီရင်တာ မရှိဘဲ ထိန်းသိမ်းခံခဲ့ရသလို နှိပ်စက်တာနဲ့ အရှက်ခွဲတာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။