လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ပင်နယ်တီကို ဟာလန်းက ကိုယ်တိုင်မကန်ဘဲ ကွင်းလယ်လူ ဂွမ်ဒိုဂမ်ကို ပေးကန်ခဲ့တဲ့အပေါ် နည်းပြဂွါဒီယိုလာက မကျေမနပ်ဖြစ်နေပါတယ်။
မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိနေတဲ့အချိန်မှာ ပင်နယ်တီကန်ခွင့်ရရှိခဲ့တာပါ။
ပင်နယ်တီကန်သွင်းဖို့ တာဝန်ပေးခံထားရသူ ဟာလန်းဟာ အစောပိုင်းမှာ သွင်းဂိုးနှစ်ဂိုးရရှိထားတဲ့ အသင်းဖော် ဂွမ်ဒိုဂမ်ကို ဟတ်ထရစ်သုံးဂိုးရရှိစေဖို့အတွက် ပင်နယ်တီပေးကန်ခဲ့တာပါ။
ဒါပေမဲ့ ဂွမ်ဒိုဂမ်က ပင်နယ်တီလွဲချော်ခဲ့ပြီး ၁ မိနစ်အတွင်းမှာပဲ ဘုန်းမောက်က ချေပဂိုး သွင်းသွားတာကြောင့် မန်စီးတီးတို့ နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတာပါ။
ဂမ်ဒိုဂမ်အနေနဲ့ ဟတ်ထရစ်ရမယ်ဆိုရင် နှစ်သက်စရာဖြစ်ပေမဲ့ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ ၂ ဂိုး ပြတ်နဲ့ ရလဒ်ဟာ ဘာမဆိုဖြစ်သွားနိုင်တာကြောင့် ဦးစားပေးကန်သွင်းသူ ဟာလန်းသာ ပင်နယ်တီ ဆက်ကန်သင့်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အနိုင် ၃ မှတ်ရရှိခဲ့ပြီး ပင်နယ်တီကန်သွင်းတဲ့ကိစ္စကတော့ သင်ခန်းစာ ယူနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ကစားသမားတွေပွဲပန်းမှုရှိနေတာကြောင့် လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပွဲထွက်လူစာရင်း ပြောင်းလဲနိုင် ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။
မန်စီးတီးအသင်းဟာ အာဆင်နယ်၊ ဖူဟမ်၊ ဝက်စ်ဟမ်းအသင်းတွေနဲ့ တစ်ပတ်အတွင်း သုံးပွဲကစားခဲ့ရပြီး စနေနေ့မှာလိဒ်ယူနိုက်တက်နဲ့ ဆက်ပြီး ကစားသွားရမှာပါ။
ဖူဟမ်နဲ့ ဝက်စ်ဟမ်းပွဲစဉ်တွေမှာ ပွဲပန်းမှုတွေရှိခဲ့ပြီး သုံးရက်သာခြားပြီး လိဒ်ယူနိုက်တက်နဲ့ ဆက်ပြီး ကစားမယ့်အခြေအနေကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ် ဆောင်နိုင်ကြောင်း ဂွါဒီယိုလာကပြောပါတယ်။
မန်စီးတီးအသင်းဟာ လိဒ်ယူနိုက်တက်နဲ့ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်အဖြစ် မက်ဒရစ်မှာသွားရောက်ကစားရမှာပါ။
အာဆင်နယ်ကို လေးမှတ်ဖြတ်နိုင်ဖို့ အာရုံစိုက်ကစားသွားရမှာဖြစ်ပေမဲ့ ကစားသမားတွေရဲ့ ကြံ့ ခိုင်မှု အခြေအနေအရ အပြောင်းအလဲလုပ်ဆောင်သွားရမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွား ပါတယ်။