close

ငဖဲမြို့

close

February 21, 2023

ငဖဲမြို့တွင် ၅,၀၀၀ တန် ငွေစက္ကူအတုများနှင့် အမျိုးသား ၁ ဦး ဖမ်းမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီက အမျိုးသားတဦးကို ၅,၀၀၀ တန် ငွေစက္ကူအတု အရွက်ရေ ၁ ထောင်နီးပါးနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ စစ်တွေကို မောင်းလာတဲ့ ရွှေပြည်သစ် ခရီးသည်တင်ယာဥ်ကို စစ်ဆေးရာ လိုက်ပါလာသူ အမျိုးသားတဦးဆီကနေ ၅,၀၀၀ တန် ငွေစက္ကူအတု အရွက်ရေ ၁ ထောင်နီးပါးကို ဖမ်းဆီးရမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ထိုးမုန့်ဘူးတွေထဲမှာ ထည့်လာတာ။ ထိုးမုန့်ဘူးတွေထဲမှာ ၅,၀၀၀ တန်အတု ဆယ်အုပ်ပါတယ်။ အားလုံးပေါင်း အရွက်တထောင်၊ သိန်းငါးဆယ်ပေါ့။”

ငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်ထားသူ အမျိုးသားကို ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ငဖဲမြို့မရဲစခန်းကို ခေါ်ဆောင်သွားပြီး နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်မှာ အမျိုးသားသမီးငယ်တဦး wave money ဆိုင်မှာ ငွေလာလွှဲရင်း ၁၀,၀၀၀ တန်အတု ၂၆ ရွက်ပါလာလို့ ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဥ် ရှိပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၁၂ ရက်ကလည်း အောင်မင်္ဂလာအဝေးပြေးအနီးမှာ ၁၀,၀၀၀ တန်ငွေစက္ကူ အတု ၅၃ သိန်းကို ၁၇ သိန်းနဲ့ ဝယ်ယူသုံးစွဲသူ ၃ ဦးကို ၁၀,၀၀၀ တန် ၃၃၄ ရွက်နဲ့အတူ တောင်ကုတ်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

10 hours Ago

January 30, 2021

ထွေအုပ်ဝန်ထမ်း ၃ ဦးအပါအဝင် ပိုးတွေ့လူနာ များလာသဖြင့် ငဖဲမြို့ကို အသွားလာကန့်သတ်

ထွေအုပ်ဝန်ထမ်း ၃ ယောက် အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ ယောက် တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ကစပြီး ငဖဲမြို့ပေါ်ရပ်ကွက်အားလုံးကို အသွားအလာ ကန့်သတ်လိုက်တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အနံ့ပျောက်တဲ့ ထွေအုပ်ဝန်ထမ်း ရပ်ကျေးစာရေး တစ်ယောက်ကို ဇန်နဝါရီ ၂၈ ရက်နေ့က RDT နဲ့ စစ်ဆေးရာမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိတာကြောင့် သူနဲ့ဆက်စပ်တဲ့ မြို့နယ်ထွေအုပ်ဝန်ထမ်း ၂ ယောက် ထပ်မံပိုးတွေ့ခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေက ၅ ယောက်၊ စုစုပေါင်း ၈ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၉ ရက်နေ့မှာလည်း ပိုးတွေ့လူနာ ၁၁ ယောက် ထပ်တိုးခဲ့ပြီး ၂ ရက်အတွင်း ပိုးတွေ့လူနာ ၁၉ ယောက်ထိ တွေ့ရှိခဲ့လို့ ငဖဲမြို့ပေါ် ရပ်ကွက်အားလုံးကို အသွားအလာ ကန့်သတ်လိုက်တာလို့ သိရပါတယ်။

ထွေအုပ်ဝန်ထမ်း ၃ ယောက်နဲ့ ထိစပ်ခဲ့တဲ့ ဝန်ထမ်း ၅၇ ယောက်ကို မြို့နယ်ထွေအုပ်ရုံးနဲ့ ရပ်ကွက်ထဲက လူနာတွေနဲ့ ထိစပ်ခဲ့သူ ၆၂ ယောက်ကို ငဖဲမြို့ အ.ထ.က ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်ပြီး စစ်ဆေးပေးနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း - မင်းထီး

2 years Ago
Up