ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာမှာ ကိုယ်ဝန် ဆောင်မိခင်အပါဝင် ၈ ဦးကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထပ်မံဖမ်းဆီးလိုက်ပါတယ်။
သဲဖြူကျေးရွာကို စက်တင်ဘာ ၂၅ ရက်နေ့ကစတင်ကာ တပ်စခန်းလာချပြီး ဒေသခံပြည်သူ ၁၆ ဦးကိုဖမ်းဆီးခဲ့သလို စက်တင်ဘာလ ၂၆ ရက်နေ့မှာ နောက်ထပ် ကိုယ်ဝန်ဆောင်မိခင်အပါဝင် ၈ ဦး ဖမ်းဆီးခံရတာလို့ ဒေသခံတွေကပြောပါတယ်။
"လက်နက်တွေရှိတယ်ဆိုပြီး စခန်းလာချရှာနေတာ စလာတဲ့ညက ၁၆ ယောက်အဖမ်းခံရတယ်၊ နောက်တစ်နေ့မှာ ၈ ဦးအဖမ်းခံရတာ အဲ့တာမှာ ဗိုက်ကြီးသည်တစ်ယောက်ပါတယ်၊ ဗိုက်ကြီးသည်ပါ မကျန်ဘူးဆိုတော့ ဗိုလ်ကြီးလာမှ ကျမတို့ရွာလေး ပြာကျတယ်ဆိုတဲ့ စကားလိုဖြစ်နေပြီ''လို့ ပြောပါတယ်။
စစ်တပ်ရောက်လာပြီးနောက်ပိုင်းမှာ ရွာထဲက လူငယ်တွေကို PDF လို့ စွပ်စွဲကာ လိုက်လံဖမ်းဆီးခဲ့သလို တောထဲဝင်ပုန်းနေတဲ့ ရွာသားတွေကိုလည်း တောနင်းရှာဖွေနေပါတယ်။
ရွာသစ်ကုန်းကျေးရွာ၊ တောင်သရက်ကုန်းနဲ့ သံပတ်ကွင်းကျေးရွာတွေကို စစ်တပ်က ဝင်မွှေနေတာ ကြောင့် သဲဖြူနဲ့ သရောင်းကျေးရွာအုပ်စုထဲက ရွာသားတချို့ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ လူနာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ငရုတ်ကောင်းမြို့မှာ ပထမဆုံး ကိုဗစ်ရောဂါကူးစက်ခံရတဲ့ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် အဘွား သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီအဘွားက ဆီးချို သွေးချို အခံရှိတော့ ပုသိမ်ကို မကြာခဏ ဆေးခန်းသွားပြနေရတယ်။ အဲဒီကနေ ကူးပြီး ဒီမနက် ဆုံးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ကိုဗစ် ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် အဘွားဟာ ဆီးချို၊ သွေးချိုအခံရှိသူဖြစ်ပြီး ပုသိမ်မြို့ကို ဆေးခန်းလာပြနေရသူဖြစ်ပြီး ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ခံရပြီးနောက် ရက်ပိုင်းအတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ငရုတ်ကောင်းမြို့ဟာ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ဧရာဝတီတိုင်းအတွင်း ကိုဗစ် -၁၉ ရောဂါကင်းစင်တဲ့ မြို့တမြို့ဖြစ်ပြီး အခုတွေ့ရှိတဲ့ လူနာမှာ ပထမဆုံး ကိုဗစ်လူနာဖြစ်သလို မြို့အတွင်း ထပ်မံကူးစက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။