ရုရှားနိုင်ငံ အရှေ့ဖျားကမ်းရိုးတန်းမှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၉ ရှိတဲ့ ငလျင်တစ်ခု ဧပြီ ၃ ရက်က လှုတ်ခတ်သွားပါတယ်။
ဒါပေမဲ့ ဆူနာမီ မရှိခဲ့သလို အသေအပျောက် အပျက်အစီးလည်းမရှိဘူးလို့ ရုရှား အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။
မြေငလျင်ဟာ ရုရှားနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းရှိ ပေထရို ပဗ်လော့ဗ်စ်ခ် - ကမ်ချက်စကီ မြို့တော်နဲ့ အုပ်ချုပ်ရေးနယ်မြေရဲ့ တောင်ဘက် ၄၄ ကီလိုမီတာ (၂၇ မိုင်) အကွာမှာ ငလျင်အနက် ကီလိုမီတာ ၁၀၀ ကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
မော်စကိုမြို့အရှေ့ဘက် ကီလိုမီတာ ၆၈၀၀ အကွာရှိ ကမ်ချက်ကာ ကျွန်းဆွယ်မှ ဗီဒီယိုဖိုင်မှာတော့ ငလျင်လှုပ်ခတ်ပြီးနောက်မှာ တချို့အဆောက်အဦတွေမှာ အက်ကြောင်းရာတွေ ဖြစ်ခဲ့ပြီး စူပါမားကတ်တွေမှာလည်း ပုလင်းတွေ ပြုတ်ကျကွဲထွက်ကုန်တာတွေကို ပြသခဲ့ပါတယ်။
အဆောက်အဦပိုင်းမှာ ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး။ ကယ်ဆယ်ရေးသမားတွေနဲ့ မီးသတ်သမားတွေက အဆောက်အဦတွေကို စစ်ဆေးနေတယ်လို့ အရေးပေါ် ဝန်ကြီးဌာနက ဆိုပါတယ်။
ငလျင်ဘးကြုံရသူတွေကတော့ သူတို့ကြောက်နေတယ်လို့ ပြောဆိုခဲ့ကြပြီး အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေကလည်း သူတို့ရဲ့တိရစ္ဆာန်တွေအတွက် စိုးရိမ်ပူပန်နေကြကာ မိဘတွေကလည်း ကလေးတွေကို ဘေးလွတ်ရာကို ခေါ်ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
တချို့ကလည်း ရုရှားကျွန်းဆွယ်ငလျင်နဲ့ အခုနှစ်အစောပိုင်းက တူရကီရဲ့ အစိတ်အပိုင်းတွေကို ပျက်စီးစေခဲ့တဲ့ ကပ်ဘေးငလျင်တွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
ရုရှားသိပ္ပံအကယ်ဒမီရဲ့ ကမ်ချက်ကာဌာနခွဲမှ ဘူမိရူပဗေဒ စစ်တမ်းအရ ငလျင်ဟာ ပြင်းအား ၆ ဒသမ ၉ ရှိကြောင်း ခန့်မှန်းပါတယ်။
ဌာနခွဲအကြီးအကဲ ဒါညီးလား ချေဘရို့ဗ်က ပင်လယ်ပြင်မှာ ပိုပြင်းထန်တဲ့ ငလျင်တွေ လှုပ်ခတ်နေတာကြောင့် ဒီဒေသတွင်းမှာ တူရကီမှာ ဖြစ်ပွားခဲ့တဲ့ အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားနိုင်စရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်မရှိကြောင်း အမေရိကန် ဆူနာမီသတိပေးစနစ်က ပြောကြားပါတယ်။
အီကွေဒေါနိုင်ငံနဲ့ ပီရူးနိုင်ငံမြောက်ပိုင်း ကမ်ရိုးတန်းဒေသတနေရာမှာ မတ် ၁၈ ရက် နေ့လယ်လောက်က အင်အားပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အင်အား ၆ ဒသမ ၈ အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေအိမ်ပေါင်းများစွာ အပါအဝင် ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ စင်တာတွေမှာလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
အီကွေဒေါနိုင်ငံ အဇွေးပြည်နယ်အလယ်ပိုင်းက ကွမ်ကာမြို့မှာ ငလျင်ကြောင့် ကားတစီးပေါ်ကို နံရံတခုပြုတ်ကျလာရာက အထဲမှာရှိနေတဲ့လူတဦး သေဆုံးခဲ့ရသလို ကားလည်း ကျေမွ သွားခဲ့ပါတယ်။
ငလျင်ဒဏ်သင့်ဒေသမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းအရ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ၊ မီးသတ်သမားတွေနဲ့ တခြားတာဝန်ရှိသူတွေဟာ ပြန်လည်ရှင်းလင်းရေး လုပ်ငန်းစဉ်တွေကို တာဝန်ယူလုပ်ဆောင်နေကြတာ တွေ့ရပါတယ်။
အီကွေဒေါသမ္မတ ဂီအဲလ်မို လာစို ကတော့ ငလျင်ဒဏ်သင့်ပြည်သူတွေအပေါ် အကူအညီပေးနိုင်ဖို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကို နေရာချနေပြီလို့ တွစ်တာလူမှုကွန်ရက်မှာ ပြောကြားထား ပါတယ်။
အမေရိကန်ဘူမိဗေဒဆိုင်ရာ စစ်တမ်းအဖွဲ့ (USGS) က ဒီငလျင်ကိုတိုင်းတာခဲ့ရာမှာ ဂွိုင်းရက်စ် ပြည်နယ်ရှိ ဘာလာအိုမြို့ကနေ ၆ ဒသမ ၂ မိုင်အကွာ အနက် ၄၁ ဒဿမ ၃မိုင်ကို ဗဟိုပြုပြီး အခုလို လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီမြေငလျင်ကြောင့် ဆူနာမီဖြစ်လာဖို့ အလားအလာ မရှိသေးဘူးလို့တော့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။