အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာတြားကျွန်းမှာ ဧပြီ ၂၅ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၃ ရှိ အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့အပြီး ဆူနာမီသတိပေးချက် ၂ နာရီကြာ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ကျွန်းအနောက်ဘက်ရှိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
အဲဒီငလျင်ဟာ ဒေသစံတော်ချိန် မနက် ၃ နာရီလောက်က အနက် ၈၄ ကီလိုမီတာလောက်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲငလျင် အများအပြားလည်း လှုပ်ခဲ့ကာ အဲဒီထဲက တခုဟာ ပြင်းအား ၅ အဆင့်ရှိကြောင်း အင်ဒိုနီးရှား ဘူမိရူပဗေဒ အေဂျင်စီ BMKG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အနောက်ဆူမားတြားရဲ့ မြို့တော် ပါဒန်င်မှာ လူတွေဟာ မနက်စောစောမှာ ပစ္စည်းတွေ အနည်းအကျဉ်းလောက်နဲ့ ဆိုင်ကယ်စီးပြီး ဘေးကင်းဇုန်တွေဆီ ဦးတည်သွားကြပါတယ်။
နောက်တော့ ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ရေဘေးသင့်ဒေသရှိ ဒေသခံတွေကို ကမ်းနဲ့ဝေးရာဆီ ပြောင်းရွှေ့နေထိုင်ကြဖို့ ချက်ချင်း ညွှန်ကြားပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံမှာ သေဆုံးသူဦးရေဟာ အယောက် ၅၀၀၀၀ ကျော်ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
တူရကီမှာ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ၄၄၂၁၈ ယောက်ရှိပြီလို့ တူရကီကပ်ဘေးနဲ့ အရေးပေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (AFAD) က ပြောကြားခဲ့ပြီး ဆီးရီးယားနိုင်ငံကတော့ သေဆုံးသူ ၅၉၁၄ ဦးရှိပြီလို့ ကြေညာပါတယ်။
ငလျင်ကြောင့် အဆောက်အဦတွေ သောင်းနဲ့ချီပျက်စီးသွားခဲ့တဲ့အပေါ် လူပေါင်း ၆၀၀ ကျော်ကို စုံစမ်းစစ်ဆေးနေပြီး ဆောက်လုပ်ရေးကန်ထရိုက်တွေနဲ့ အဆောက်အဦပိုင်ရှင်တွေအပါအဝင် လူပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ တူရကီ တရားရေးဝန်ကြီး ဘီကာဘိုဇ်ဒက်ဂျ်က ပြောပါတယ်။
ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိ ငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် တူရကီမှာ အဆောက်အဦပေါင်း ၁၆၀၀၀ ကျော်ပြိုကျတာနဲ့ ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။