မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ငါးခြောက်ဈေးတွေ အရင်ကထက် ဈေးထက်ဝက်နီးပါးလောက် ဈေးတွေ ပိုမိုမြင့်တက်လာခဲ့တာကြောင့် ဝယ်ယူသူနည်းပါးပြီး အရောင်းအဝယ်က အေးနေတယ်လို့ ငါးခြောက်စျေးကွက်ထဲကနေ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်းမှာ အရင်က ငါးခြောက်ဈေးတွေဖြစ်တဲ့ ငါးရောင်ခြောက် ဈေး ၁ ပိဿာကျပ် ၇၀၀၀ ဟာ အခုကျပ် ၁၈၀၀၀ အထိဖြစ်ပြီး ငါးနှပ်ခြောက် ၁ ပိဿာမှာလည်း ကျပ် ၈၀၀၀ က အခု ကျပ် ၁၆၀၀၀ အထိဖြစ်ပြီး တခြားငါးခြောက် ဈေးတွေလည်း ၁ ပိဿာကို ကျပ် ၅၀၀၀ လောက်အထိ မြင့်တက်သွားခဲ့တယ်လို့ ဈေးသည်တွေက ပြောပါတယ်။
ဒေသခံ ငါးခြောက်ကုန်သည်တဦးက “အခုက ဈေးကွက်မှာ ငါးဖမ်းရာသီ ပိတ်သိမ်းတဲ့ကာလလည်းဖြစ် ငါးခြောက်ကုန်ကြမ်းလည်း အဝင်မရှိဈေးကလည်း မြင့်တက်လာနေခဲ့သလို အရောင်းအဝယ်လည်းမရှိခဲ့တာကြောင့် ငါး ခြောက် ကုန်တင်ပို့ရောင်းချမှုတွေပါ ရပ်ဆိုင်းထားရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ငါးဖမ်းရာသီမှာ ငါးတွေ မရကြသလို စက်သုံးလောင်စာဆီစျေးတွေ ငါးဖမ်းကိရိယာက အစ ကုန်ကျစရိတ်တွေ ကြီးမြင့်လာတာကြောင့်ရရှိတဲ့ ငါးကုန်ကြမ်း ငါးခြောက်ဈေးတွေ စရိတ်တွေ ပိုမိုကြီးလာတဲ့အတွက် ငါးခြောက်ဈေးတွေက အရင်ကထက် ဈေးတွေပါ ပိုမိုပြီးကြီးမြင့်သွားခဲ့တယ်လို့ ရေလုပ်ငန်းရှင်တဦးကဆိုပါတယ်။
အခုလာမယ့် ငါးဖမ်းရာသီမှာ ပြီးခဲ့တဲ့နှစ်လိုပဲ စက်သုံးဆီစျေးတွေ ငါးဖမ်းကိရိယာ ဆက်စပ်ပစ္စည်းဈေးတွေက ဆက်လက်ကြီးမြင့်နေမယ်ဆိုရင် ငါးဖမ်းလှေ အများစုက လုပ်ငန်းတွေ ရပ်နားရမယ့်အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ ရေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ရေးမြို့နယ်က ကမ်းနီးကမ်းဝေးငါးဖမ်းလှေတွေ အစင်း ၆၀၀ နီးပါးလောက်ရှိပြီး ထောင်နဲ့ချီတဲ့ ရေလုပ်သားတွေက ငါးဖမ်းလှေတွေမှာ နှစ်စဉ်ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်က ငါးခြောက်ဈေးတွေမှာ အရင်ဈေးတွေထက် ပိုမိုဈေးမြင့်တက် သွားသလို ငါးခြောက်ကုန်တွေ အဝင်နည်းသွားတာကြောင့် အရောင်းအဝယ်ပါ အေးနေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
အရင် ကိုဗစ်ကာလမှာ ဈေးတွေသိပ်ပြီး မတက်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး မြန်မာငွေ တန်ဖိုးကျဆင်းပြီးတဲ့နောက် တခြားရေလုပ်ငန်းသုံး ပစ္စည်းတွေရဲ့ စရိတ်တွေလည်း ၂ ဆ လောက် မြင့်တက်သွားသလို ငါးခြောက်ကုန်ကြမ်းတွေလည်း အဝင်သိပ်မရှိတာကြောင့် စျေးကွက်မှာ ငါးခြောက်စျေးတွေက ပိုတက်သွားတယ်လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ငါးခြောက်ဈေးနှုန်း ၁ ပိဿာကို ကျပ် ၅ဝဝဝ လောက် မြင့်တက်သွားတာဖြစ်ပြီး အရင်က ငါးရောင် ၁ ပိဿာ ၆၀၀၀ ကျပ်ကနေ အခု ၁၀၀၀၀ အထက်၊ ငါးမန်းခြောက် ၁ ပိဿာ ကျပ် ၇၀၀၀ မှ ကျပ် ၁၁၀၀၀၊ ငါးနှပ်ခြောက်က ကျပ် ၈၀၀၀ မှ ကျပ် ၁၄၀၀၀ ကျပ်ထိဖြစ်သွားတယ်လို့ စျေးသည်တဦးက ပြောပါတယ်။
အိမ်ရှင်မတဦးက “အခုချိန်မှာ ငါးခြောက်ဈေးကအစ၊ ကုန်စိမ်း သားငါးဈေးပါ အားလုံးနီးပါး လိုက်တက်တော့ ကျမတို့လို့ အိမ်ရှင်မတွေမှာ အလုပ်က မရှိ၊ ၀င်ငွေလည်းမရှိတဲ့အခါ ဈေးတွေကလည်း ကြီး ပြန်တော့ ရှေ့ဆက် စားဝတ်နေရေးကမစဉ်စားရဲဘူး” လို့ ပြောပါတယ်။
ရေးမြို့နယ်မှာ ထွက်ရှိတဲ့ ငါးခြောက်ကုန်တွေကို အနယ်နယ်အရပ်ရပ်က ဝယ်ယူနေကြပေမဲ့ အခု နိုင်ငံရေးရဲ့ အခြေနေတွေကြောင့် စျေးကွက်မှာ အရောင်းအဝယ် မရှိကြဘူးလို့ ဆိုပါတယ်။