ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆူခိုထိုင်း ရေတပ်စစ်သင်္ဘောမုန်တိုင်း မိနစ်မြုပ်ခဲ့တဲ့အချိန်နဲ့ မရှေးမနှောင်းမှာဘဲ နောက်ထပ် ငါးဖမ်းလှေနဲ့ ကုန်တင်သင်္ဘောကြီးတွေပါ မုန်တိုင်းမိပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထိုင်းပင်လယ်ပြင် သဘာဝအရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Work point today ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၁၉ ရက် မနက် ၃ နာရီခွဲလောက်က ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ပတ်နမ့်ဆိပ်ကမ်းနဲ့ ရေမိုင် ၅ ဒသမ ၇ မိုင်အကွာမှာ ANUPHUM အမည်ရှိ ကွန်တိန်နာ ကုန်ပစ္စည်းတင်သင်္ဘော ၁ စီး မုန်တိုင်းမိပြီး ဘယ်ဘက်ကိုစောင်းသွားလို့ သင်္ဘောပေါ်တင်လာတဲ့ ကုန်သေတ္တာတွေ ပင်လယ်ထဲပြုတ်ကျသွားကြောင်း ကပ္ပတိန်ရဲ့ သတင်းပေးပို့ချက် ရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပင်လယ်ထဲမှာပဲ ဒီဇင်ဘာ ၁၉ ရက် မနက် ၈ နာရီခွဲက Patravarin 88 အမည်ရှိ ငါးဖမ်းလှေ ၁ စီး မုန်တိုင်းမိကြောင်း အကူအညီတောင်းလာလို့ လှေပေါ်ပါလာတဲ့ လှေသား ၁၀ ယောက်လုံးကို သွားရောက်ကူညီ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင် ဒီဇင်ဘာ ၁၈ ရက် ညပိုင်းကလည်း ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် စမွီဆိပ်ကမ်းနဲ့ ၃၅ မိုင်အကွာမှာ ရာဘာတွေတင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော ၁ စီး မုန်တိုင်းမိကြောင်း အကြောင်းကြားလာလို့ သင်္ဘောပေါ်ပါလာသူ ၉ ဦးကို အသက်ဘေးက ကယ်တင်ခဲ့ကြောင်း၊ သင်္ဘောပေါ်က ကွန်တိန်နာအလုံးပေါင်း ၃၀ ကျော် ပင်လယ်ထဲ ပြုတ်ကျပြီး ရေစီးနဲ့အတူမျောကာ ချိုင်းယားမြို့နယ်က ကမ်းစပ်တခုမှာ သောင်တင်နေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဆုန်ခလာခရိုင် ပတ်လောင့်ဆိပ်ကမ်းနဲ့ ၁၉ မိုင်အကွာမှာ ဆပ်ဖယားဆုနန် အမည်ရှိ ငါးဖမ်းလှေ ၁ စီး မုန်တိုင်းမိပြီး မြုပ်လုဆဲဖြစ်နေလို့ ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီခဲ့ပြီး လှေသား ၅ ဦးလည်း အသက်ဘေးက လွတ်ကင်းခဲ့ပါတယ်။
ဒါ့အပြင် ဆုန်ခလာခရိုင် လောင်းနမ့်ပင်လယ်ဝနားမှာ ဖတ်ချရဖန်း အမည်ရှိ ဆီတင်သင်္ဘော ၁ စီး ဂီယာပျက်သွားပြီး ဆက်မခုတ်မောင်းနိုင်တော့ဘဲ အမြီးပိုင်းက ရေအောက်မြေကြီးထိကာ ခေါင်းပိုင်းက ရေပေါ်ဦးမော့နေကြောင်း၊ အဆိုပါသင်္ဘောကို ဆွဲတင်နိုင်ဖို့ နည်းလမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။
အဲဒီကာလမှာ အခြေအနေ အဆိုးရွားဆုံး ကြုံတွေ့ရတာကတော့ တပ်ဖွဲ့ဝင် ၁၀၀ ကျော် လိုက်ပါလာတဲ့ ဆူခိုထိုင်းအမည်ရှိ စစ်သင်္ဘောကြီး ပျက်စီးနစ်မြုပ်သွားတာ ဖြစ်ပါတယ်။ သင်္ဘောကြီးဟာ ည ၈ နာရီကျော်မှာ မုန်တိုင်းမိကာ ည ၁၁ နာရီကျော်မှာ လုံးဝ နစ်မြုပ်သွားပါတယ်။
အဆိုပါသင်္ဘောကြီးပေါ်ကနေ ရေတပ်ဖွဲ့ဝင် ၈၂ ဦး အသက်ရှင်ပြန်တွေ့ပြီး ၆ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရထားပါတယ်။ နောက်ထပ်ကျန်ရှိနေတဲ့ ၂၃ ဦးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စက်လှေတိမ်းမှောက်ပြီး ငါးဖမ်းသမားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မေ ၂၁ ရက်နေ့လယ်ပိုင်းမှစတင်ကာ ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် မြေပုံမြို့နယ်က ငါးဖမ်းစက်လှေ ၁၈ စီးနဲ့ ခရီးသည်တင်စက်လှေ ၁ စီးနစ်မြုပ်ခဲ့ပြီး လူအသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပေါက်တော ကျောက်မောင်းရွာသားတဦးက “ဟုတ်တယ်။ မြေပုံနဲ့ ကျောက်ဖြူက ငါးဖမ်းဘုတ်တွေ နစ်မြုပ်ခဲ့ပေမယ့် အသေအပျောက်မရှိခဲ့ကြလို့ ဝမ်းသာနေကြတာ။ ပေါက်တောမှာ အဲဒီနေ့ကပဲ ငါးဖမ်းစက်လှေနစ်မြုပ်ပြီး သူတို့ ၂ ယောက်ပျောက်နေတာ မနေ့က မှ အလောင်းရှာတွေ့လို့ ရွာမှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာက ကိုငယ်မောင်ချေ (၂၈ နှစ်) နဲ့ ကိုနုစိန်အောင် (၂၅ နှစ်) တို့ ဖြစ်ကြပြီး ကိုငယ်မောင်ချေမှာ ဇနီးနဲ့ သားသမီး ၅ ဦး၊ ကိုနုစိန်အောင်မှာတော့ ဇနီးနဲ့ သမီး ၂ ဦးကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးဟာ မေ ၂၁ ရက် ညနေပိုင်းက ပေါက်တောမြို့နယ် နဲ့ မြေပုံမြို့နယ်ကြားရှိ မြစ်ပြင်မှာ ငါးဖမ်းစက်လှေငယ်တစီးနဲ့ ပိုက်ချနေကြစဉ် ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စက်လှေတိမ်းမှောက် ပျောက်ဆုံးသွားပြီး မေ ၂၂ နေ့မှာ ငါးဖမ်းသမားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့တာပါ။
ဓာတ်ပုံ - ကိုညီဒေါင်းချေ