close

ငါးဖမ်းသင်္ဘော

close

January 13, 2023

ကျောက်ဖြူတွင် ငါးဖမ်းသင်္ဘော မီးလောင်ပေါက်ကွဲ၊ ၅ ဦးဒဏ်ရာရပြီး ၂ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က မာန်အောင်တိုက်ကျွန်းအနီးမှာ ဇန်နဝါရီ ၁၀ ရက်က ငါးဖမ်းသင်္ဘောတစီး အင်ဂျင်မီးလောင်ပေါက်ကွဲပြီး နစ်မြုပ်ခဲ့လို့ သင်္ဘောသား ၅ ဦး ဒဏ်ရာ ရရှိပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ကျောက်ဖြူဒေသခံတွေက အတည်ပြု ပြောပါတယ်။

“သင်္ဘောက စက်အင်ဂျင် မီးလောင်ပေါက်ကွဲပြီး နစ်မြုပ်သွားတာ။ ပျောက်ဆုံးနေသူက ၂ ဦး ရှိနေတယ်။ ဒီနေ့အထိ ရှာမရသေးဘူး။ သေဆုံးသွားလား၊ မဟုတ်ဘဲ နောက်နေရာတခုကို ရောက်သွားသလားတော့ မပြောနိုင်သေးဘူး။ သင်္ဘောသား ၅ ဦးကတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြတယ်လို့ သိရတယ်ဗျ။”

အဆိုပါ ငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၂ ဦးမှာ ကျောက်ဖြူမြို့ ငလပွိရပ်ကွက်မှ ကိုမောင်ရင်အောင် (၂၀ နှစ်) နဲ့ သင်္ဘောစက်ဆရာတဦးဖြစ်ပြီး စက်ဆရာရဲ့ အမည်နဲ့ နေရပ်လိပ်စာကို မသိရှိရသေးကြောင်း အဲဒီငါးဖမ်းသင်္ဘောက အလုပ်သမားတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူတဦးဖြစ်တဲ့ ကိုမောင်ရင်အောင်ရဲ့ ဦးလေးဖြစ်သူက “အင်ဂျင်မီးလောင်နေလို့ဆိုပြီး အင်ဂျင်ခန်းက သူတို့ ၂ ဦးကို ကယ်တင်ဖို့ ဝင်သွားခဲ့သူ ၅ ဦးလုံး ဒဏ်ရာရခဲ့ကြတာပါ။  သူတို့ဝင်သွားတဲ့အချိန်မှာပဲ အင်ဂျင်က ထပေါက်တာ။ အင်ဂျင်ကွဲတာက အရမ်းပြင်းတော့ အဲဒီငါးယောက်ကို ထိသွားတာပါ၊ သူတို့ ၂ ဦးကို  မကယ်နိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။

အဲဒီသင်္ဘောကနေ လွတ်မြောက်လာသူ ၃၇ ဦးဟာ ဇန်နဝါရီ ၁၁ ရက်က ကျောက်ဖြူမြို့ကို ရောက်ရှိပြီး ဇန်နဝါရီ ၁၂ ရက်နေ့အထိ ကျောက်ဖြူရဲစခန်းမှာ စစ်ဆေးမှုတွေ ခံယူနေရဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ နစ်မြုပ်သွားတဲ့ ငါးဖမ်းသင်္ဘောဟာ ကျောက်ဖြူမြို့မှ “ထူးထက်အောင် ၇၂” ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်ကလည်း ကျောက်ဖြူမြို့မှာ ငါးဖမ်းစက်လှေတစီးနဲ့ ငါးဖမ်းသင်္ဘော တိုက်မိပြီး လူ ၄ ဦးသေဆုံးကာ ၁ ဦး ပျောက်ဆုံးခဲ့ပါတယ်။

11 mins Ago

September 21, 2020

အောင်ဆွေမြတ် ငါးဖမ်းသင်္ဘော ပဲ့နင်းကို ရေလုပ်သား ၂ ဦးက ဓားဖြင့်ထိုးသတ် 

အောင်ဆွေမြတ် ဘုံကျောင်းငါးဖမ်းသင်္ဘောက ပဲ့နင်းကို ရေလုပ်သား နှစ်ဦးက စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရေလုပ်သား ၂၄ ဦးလိုက်ပါတဲ့ အောင်ဆွေမြတ် ငါးဖမ်းသင်္ဘောဟာ စက်တင်ဘာ ၂၀ ရက်နေ့ညနေ ၄ နာရီလောက်က ဖျာပုံမြစ်အတွင်း ဝင်ရောက်ကာ စံပြကျေးရွာရှိ ရေခဲစက်မှာ ရေခဲတင်ပြီး ခေတ္တနားနေစဉ် ရေလုပ်သား ဖိုးပိုင်နဲ့ ခင်မောင်လတ်တို့က ပင်လယ် ပြန်မလိုက်တော့ဘူး ပြောရာမှ ပဲနင်းဖြစ်သူ ဦးအေးမြင့်နဲ့ အချင်းများပြီး ဓားနဲ့လိုက်ထိုးလို့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။ ဖိုးပိုင်နဲ့ ခင်မောင်လတ်တို့ကို  ဖျာပုံမြို့မ ရဲစခန်းက (ပ)၅၇၃/၂၀၊ ရာဇတ်သတ်ကြီးပုဒ်မ ၃၀၂/၁၄၄ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကျော်စိုးမိုး 
2 years Ago
Up