close

ငါးလိပ်ကျောက်

close

June 22, 2022

ကမ္ဘောဒီးယားတွင် ဖမ်းမိခဲ့သည့် ငါးလိပ်ကျောက် ကမ္ဘာ့အကြီးဆုံးရေချိုငါးအဖြစ် စံချိန်တင်

ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်ထဲကနေ လတ်တလော ဖမ်းမိခဲ့တဲ့ အကြီးစား ငါးလိပ်ကျောက်တကောင်ဟာ ကမ္ဘာ့အကြီးဆုံး ရေချိုငါးအဖြစ် စံချိန်တင်တယ်လို့ သုတေသီတယောက်ကို ကိုးကားပြီး ဇွန် ၂၀ ရက် ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဖမ်းမိတဲ့ ငါးလိပ်ကျောက်ဟာ ၁၃ ပေရှည်ပြီး ၆၆၁ ပေါင် လေးပါတယ်။ ဒီစံချိန်ဟာ ၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်ထဲက ဖမ်းမိတဲ့ ၆၄၆ ပေါင်လေးတဲ့ ငါးခူကြီးရဲ့ စံချိန်ကို ချိုးလိုက်တာပါ။

ငါးလိပ်ကျောက်အမကို ခမာဘာသာစကားနဲ့ ဘိုရာမိုင်လို့ နာမည်ပေးထားပြီး လပြည့်လို့ အဓိပ္ပာယ်ရပါတယ်။

သုတေသီအဖွဲ့ခေါင်းဆောင် နီဗားဒါးတက္ကသိုလ်က ဇီဝဗေဒပညာရှင် ဇက်ဘ် ဟိုဂံက “ဒါဟာ ကမ္ဘာ့အကြီးဆုံး ရေချိုငါးဖြစ်လို့ ဒီသတင်းက အင်မတန် စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ မဲခေါင်မြစ်ကြီး ကျန်းမာနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ မဲခေါင်မြစ်ထဲမှာ ငါးကြီးတွေ အသက်ရှင်နေသေးတယ်ဆိုတဲ့ မျှော်လင့်ချက် လက္ခဏာပဲ” လို့ ပြောပါတယ်။

ငါးလိပ်ကျောက်ကို နိုင်ငံတကာ သုတေသီအဖွဲ့နဲ့ ငါးဖမ်းသမားတွေက ဇွန် ၁၄ ရက်မှာ ဖမ်းမိအပြီး မှတ်တမ်းတင်ခဲ့တာပါ။ အဲဒီနောက် ခြေရာကောက်တဲ့ပစ္စည်းကို ငါးလိပ်ကျောက်ရဲ့ ကိုယ်ပေါ်မှာ တပ်ဆင်ပေးအပြီး မြစ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ခြေရာကောက်ပစ္စည်းဟာ ငါးကြီးကို မြစ်ထဲပြန်လွှတ်ပြီးချိန်မှာ သူ့တည်နေရာတွေနဲ့ အပြုအမူတွေကို စောင့်ကြည့်ရာမှာ ဇီဝဗေဒပညာရှင်တွေကို ကူညီပေးမှာပါ။

မဲခေါင်မြစ် ဝန်းကျင်ဒေသဟာ ဂေဟစနစ် ဆိုးကျိုးတွေကို ရင်ဆိုင်နေရတယ်လို့ လေ့လာရေးအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံထဲက မဲခေါင်မြစ် အစိတ်အပိုင်းတွေမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံပါတဲ့ ဆည်တွေ အတော်များများ တည်ဆောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် တရားမဝင် ငါးအလွန်အကျွံဖမ်းတာနဲ့ ပလတ်စတစ် အမှိုက်တွေလို စိုးရိမ်စရာတွေကို မဲခေါင်မြစ်က ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက မီးမောင်းထိုး ပြောပြခဲ့ကြပါတယ်။

2 mins Ago
Up