close

ငါးလုပ်ငန်းအရာရှိ

close

November 7, 2022

စစ်တွေတွင် ငါးလုပ်ငန်းအရာရှိ ပစ်ခတ်ခံရပြီး ဖမ်းဆီးခံထားရသူ အယောက် ၂၀ ကျော် ပြန်လွတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ RV စားသောက်ဆိုင်မှာ နိုဝင်ဘာ ၆ ရက်ညက ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး သေနတ်ပစ်ခတ်ခံရပြီးနောက် စားသောက်နေကြသူတွေနဲ့ လမ်းသွားလမ်းလာ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၇ ရက် ဒီနေ့ ညနေ ၃ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ စစ်တွေဒေသခံတယောက်က “ကျနော်တို့က စားသောက်ဆိုင်မှာ စားသောက်နေကြသူတွေပါ။ သေနတ်နဲ့ပစ်လာတဲ့ ၂ ဦးက ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ဆိုင်ထဲကို ဝင်လာကြတာ‌၊ အဲဒါကို ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဇနီးက ​ဆိုင်မှာထိုင်ပြီး စားသောက်နေကြသူတွေနဲ့ မဆိုင်ဘူး၊ အပြင်ကဝင်လာပြီး ပစ်တာကို ဖြောင့်ချက်ပေးပြီးမှ အားလုံးကို အခုလွှတ်ပေးလိုက်တာ။ တည ရဲစခန်းမှာ အိပ်လိုက်ရတာပေါ့” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးဟာ စစ်တွေ ကမ်းနားလမ်းရှိ River Village (RV) စားသောက်ဆိုင်မှာ နိုဝင်ဘာ ၆ ရက် ညနေ ၇ နာရီကျော်က သေနတ်နဲ့ ၄ ချက်ပစ်ခံရပြီး စစ်တွေဆေးရုံမှာ အရေးပေါ် ဆေးကုသခံနေရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်က RV စားသောက်ဆိုင်ထဲမှာ စားသောက်နေကြတဲ့ ပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ဦးသက်ဦးရဲ့ဇနီးက ဖြောင့်ချက်ပေးခဲ့တာကြောင့် အားလုံးကို ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်ခတ်ခံရအပြီး စစ်တွေမြို့ပေါ်မှာ ဆရာတော်၊ သံဃာတော် ၄ ပါးနဲ့ ဒေသခံ ၅ ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

“RV မှာ ပစ်ခတ်မှုအပြီး ဆိုင်ထဲမှာ စားသောက်နေကြသူတွေကို ဒီနေ့ညနေပိုင်းမှာ လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ စစ်တွေမြို့ပေါ်က ဆရာတော်၊ သံဃာတော် ၄ ပါးနဲ့ ဒေသခံ ၅ ဦးအထိ ဖမ်းဆီးထားတယ်။”

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦး ပစ်ခတ်ခံရပြီး ၁၀ မိနစ်အကြာမှာ Arakan Blood Donar - ABD အသင်း သွေးတာဝန်ခံ ဦးသန်းလွင်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့သလို နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်တွေမြို့၊ သုခကာရီကျောင်းတိုက်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့ဝင်ရောက်ကာ ဆရာတော်နဲ့အတူ ဦးဇင်းကြီးနဲ့ ကိုရင်ကြီး နှစ်ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

နိုဝင်ဘာ ၇ ရက် ဒီနေ့မနက် ၃ နာရီကလည်း စစ်တွေမြို့ရှိ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တယောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

9 hours Ago
Up