close

ငါးလုပ်ငန်း အရာရှိ

close

November 7, 2022

စစ်တွေတွင် ငါးလုပ်ငန်း အရာရှိ ၁ ဦး ပစ်ခတ်ခံရ

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးဟာ နိုဝင်ဘာ ၆ ရက် ည ၇  နာရီကျော်က စစ်တွေမြို့ ကမ်းနားလမ်းရှိ RV စားသောက်ဆိုင်မှာ သေနတ်နဲ့ပစ်ခံရလို့ အရေးပေါ်လူနာအဖြစ် စစ်တွေဆေးရုံကြီးမှာ  ဆေးကုသမှုခံနေရတယ်လို့ ငါးလုပ်ငန်း အသိုက်အဝန်းကနေ သိရပါတယ်။

ညွှန်ကြားရေးမှူးဦးသက်ဦးနဲ့အဖွဲ့ စားသောက်ဆိုင်မှာ စားသောက်နေစဉ်  အမည်မသိ အမျိုးသား နှစ်ယောက်က ဆိုင်ကယ်နဲ့ ဝင်လာပြီး သေနတ်နဲ့ ပစ်ခတ်သွား တာဖြစ်ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက "ညွှန်ကြားရေးမှူးက အဲဒီဆိုင်မှာ သူ့မိတ်ဆွေတွေနဲ့ စားသောက်နေကြတာမှာ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ဝင်လာပြီး ပစ်သွားတာလို့သိရတယ်။ အခင်းဖြစ်တာကတော့ ၇ နာရီ ၄၂ မိနစ်လောက်မှာဖြစ်တာ။ ဒဏ်ရာက လည်ပင်းနဲ့ ခေါင်းမှာ ၄ ချက်ထိသွားတယ်လို့သိရတယ်။ အခုတော့ စစ်တွေဆေးရုံကြီးမှာ အရေးပေါ်ကုသနေတယ်။ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်"လို့ပြောပါတယ်။

ဦးသက်ဦးရဲ့ သေနတ်ဒဏ်ရာဟာ  ဦးခေါင်းမှာ ၁ ချက်၊ လည်ပင်းမှာ ၁ ချက်ရှပ်ထိသွားတာ ကြောင့် ဒဏ်ရာပြင်းထန်ပြီး လက်ရှိ စစ်တွေဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမူခံ ယူနေရကာ သွေးပါသွင်းထားရတယ်လို့ မြို့ခံ ငါးလုပ်ငန်းအသိုက်အဝန်းက ပြောပါတယ်။

ပစ်ခတ်မှုမဖြစ်ခင် RV စားသောက်ဆိုင်လမ်းမှာ စစ်ကောင်စီတပ်တွေ ရာယူထားကြပြီး လမ်းသွားလမ်းလာတွေကို အမြန်သွားဖို့ ပြောဆိုခဲ့တာရှိတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ခံတဦးက "စိတ်ထဲမှာ တခုခုဖြစ်လာမလားဆိုပြီး သံသယဝင်နေခဲ့တာ။ ဘာအတွက်လဲဆိုတော့  RV စားသောက်ဆိုင်ရှေ့မှာ စစ်တပ်က လမ်းသွမ်းလာတွေကို အမြန်သွားလာခိုင်းနေတာ။ မကြာပါဘူး။ သေနတ်သံတွေထွက်ပေါ်လာတာ။ ငါးလုပ်ငန်းဦးစီးက သူ့တပည့်တွေနဲ့ စားသောက်ဆိုင်မှာရှိနေတဲ့အချိန် အမည်မသိလူ ၂ ဦး ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ပစ်ခတ်သွားတာ။"လို့ ပြောပါတယ်။

အသက် ၆၁ နှစ်အရွယ် ညွှန်ကြားရေးမှူး ဦးသက်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ပဲခူးတိုင်းကနေ ရခိုင်ပြည်နယ်ကို  ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသူဖြစ်ပါတယ်။

ဦးသက်ဦးကို ဘာကြောင့် ဘယ်သူ၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တွေမြို့ပေါ် လမ်းခွဆုံတွေမှာ  စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းကလည်း စစ်တွေမြို့မ ရဲစခန်းက ရဲအုပ်သိပ္ပံ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်။

2 mins Ago
Up