ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ ငဝန်တံတားပေါ်မှ အသက်နှစ်ဆယ်အရွယ် လူငယ်တဦး စက်တင်ဘာ ၃ ရက်နေ့ ည ၉ နာရီက ခုန်ချခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး နေအိမ်ကိုပြန်လာစဥ် တံတားပေါ် အရောက်မှာ ဆိုင်ကယ်ကိုရပ်ပြီး ခုန်ချခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။
“တံတားပေါ်ရောက်တော့ ဆိုင်ကယ်ရပ်ပြီးခုန်ချသွားတာ။ ဦးထုပ်ရယ်၊ ဖုန်းရယ်၊ ဖိနပ်ရယ် တံတားပေါ်မှာ တွေ့တယ်။ အခုချိန်ထိ ရှာနေကြတုန်းပဲ ဘာကြောင့်ခုန်ချသွားမှန်းမသိဘူး။”
အဆိုပါလူငယ်မှာ ငဝန်တံတားပေါ်အရောက် ဆိုင်ကယ်ကိုရပ်ကာ တံတားအောက်ကို ငုံ့ကြည့်ပြီးမှ ခုန်သွားတာဖြစ်ပြီး ဒေသခံတဦးက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ရာမှ သိရှိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“တံတားပေါ်မှာ Redmi 8 ဖုန်းတလုံးရယ်၊ ရှာထိုးဦးထုပ်တလုံးရယ်၊ ဖိနပ်ရယ်၊ ဆိုင်ကယ်ရယ် တွေ့တယ်။ တံတားအလယ်ညာဘက် ခုန်ချသွားတယ်လို့ သိရတယ်။ ဒီမနက်ရှာနေကြတယ်။”
ရေထဲခုန်ချသွားသူမှာ ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်ရွှေတောင်လမ်းနေ အသက် ၂၀ အရွယ် မောင်သျှားသူဟန် ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။
လက်တလောမှာ ငဝန်မြစ်အတွင်း နယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းကာ စက်လှေတွေနဲ့ လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်တံတားနဝဒေးတံတားပေါ်က သားအမိ နှစ်ဦး ခုန်ချခဲ့သလို ကမာရွတ် အင်းယားကန်ထဲကိုလည်း အမျိုသားတဦး ခုန်ချပြီး သတ်သေခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့မှာ အောက်တိုဘာ ၂၆ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ငါးသိုင်းချောင်းမြို့နယ် ရင်းရှည်ကျေးရွာဘုန်းတော်ကြီးကျောင်းတိုက် လက်ထောက်ဆရာတော် ဦးကုသလဟာ ငါးသိုင်းချောင်းမြို့ပေါ်သို့ ပစ္စည်းသွားဝယ်ပြီးအပြန် ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဦးကုသလက မြို့တက်ပြီး သူ့မယ်တော်အုတ်ဂူကို သုတ်ဖို့ ဆေးသွားဝယ်ရင်း ပစ်သတ်ခံရတာ။ ငယ်ငယ်လေးကတည်းက ဝတ်ထားတာ။ ရပ်ရွာကလည်း လေးစားကြည်ညိုတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဦးကုသလနဲ့အတူ ၁၄ နှစ် အရွယ်ကျောင်းသားငယ်တစ်ဦးပါပြီး သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် နားရွက်ကျည်ဆန် ထိမှန်ခဲ့ပြီး ငါးသိုင်းချောင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ရင်ဘတ်ကျည်ထိမှန်ပြီး ပျံလွန်တော်မှုခဲ့တဲ့ ဦးကုသလကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သယ်ဆောင်သွားပြီး ကျေးရွာကို ပြန်မပို့ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။