close

ငြိမ်းချမ်းခြင်းသခင်မဘုရားကျောင်း

close

June 7, 2021

စစ်ကောင်စီအကြမ်းဖက်တပ်များ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုရှိ ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဇွန် ၆ ရက်နေ့ကဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်  ငြိမ်းချမ်းခြင်းသခင်မ ဘုရားကျောင်းနဲ့လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KPDF) က ထုတ်ပြန်ပါတယ်။

မနေ့မနက်ပိုင်းက  အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ  လက်နက်အင်အား၊ လူအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရာကနေ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စတင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

မွန်းလွဲ ၂ နာရီလောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီးမော့ဆို လမ်းခွကို အကျော် တနန်းဥကွိုင်ရွာအထိ တပ်ဖြန့်ရောက်ရှိလာပြီး အထပ်မြင့်အဆောက်အဦတွေမှာ နေရာယူထားကာ စနိုက်ပါသေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို   လက်နက်ကြီး၊ လက်နက်ငယ်တွေ  သုံးပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် ဘုရားကျောင်းထိခိုက်ပျက်စီးပြီး လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ငြိမ်းချမ်းရေးသခင်မဘုရားကျောင်းကို ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ဘုရားကျောင်းစောင့်တဲ့ပြည်သူတွေကို  ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့  KPDFက ဆိုပါတယ်။ 

မနေ့ကတိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ  ၁ ဦး ကျဆုံးသွားတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  မိုးဗြဲမြို့က လူနေအိမ်တွေကို မီးလိုက်ရှို့တဲ့အပြင် ကုန်စုံဆိုင်တွေကို သော့ရိုက်ဖွင့်ကာ ပစ္စည်းတွေကို ကားပေါ်တင်ခိုးယူသွားတယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂက ဇွန် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ ဇွန်လ ၇ ရက် မနက် ၇ နာရီကျော်လောက်မှာလည်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ 

Photo Credit UKSY / ဒီးမော့ဆို PDF

8 mins Ago
Up