“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တွေဟာ နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ၂ ရက်ကြာတွေ့ဆုံပြီးနောက် မတ်လ ၂၃ ရက်က သဘောတူညီချက်တွေ အတည်ပြု လက်မှတ်ရေးထိုးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ ဆွေးနွေးပွဲ ပထမနေ့ မတ်လ ၂၂ ရက်မှာ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခြေခံကျတဲ့ ပုဒ်မတွေ ပြင်ဆင်နိုင်ရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။
မေလ ၂၃ ရက် ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲမှာတော့ ပထမနေ့ ဆွေးနွေးပွဲက မပြီးပြတ်သေးတဲ့ ကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်တွေနဲ့ အထွေထွေကိစ္စရပ်တွေ ဆွေးနွေးခဲ့ပြီးနောက် နှစ်ရက်တာဆွေးနွေး ညှိနှိုင်းချက်အရ နှစ်ဖက် သဘောတူညီချက်တွေ ရယူကြပြီး အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ကြတယ်လို့ဆိုပါတယ်။
လက်မှတ်ထိုးခဲ့တဲ့ နှစ်ဖက် သဘောတူညီချက်တွေထဲမှာ ဘာတွေ ပါဝင်လဲဆိုတာကတော့ စစ်ကောင်စီသတင်းမှာ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။
ဆွေးနွေးပွဲကို UWSP ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စား လှယ်တွေတက်ရောက်ကြပြီး စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့အဖွဲ့တက်ရောက်ခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆယ်စုနှစ်တွေနဲ့ချီ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလက်ခံပြီး နေပြည်တော်ကို အကြိမ်ကြိမ်သွားရောက်တာ ဖြစ်ပြီး သိသာထင်ရှားတဲ့ ရလဒ်တွေကတော့ တခုမှ ရရှိတာ မရှိသေးပါဘူး။
လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကောင်စီကို အသိအမှတ်မပြုသလို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။
Photo-MOI
‘ဝ’၊ ကိုးကန့်နဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပါတယ်။
“ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နဲ့ စစ်ကောင်စီဘက်က ငြမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်တွေအရ အခုတတိယ အကြိမ်ဆက်လက်ဆွေးနွေးဖို့ ကျန်တဲ့ကိစ္စရပ်တွေကို အဖွဲ့အသီးသီးရဲ့ နိုင်ငံရေးလိုလားချက်တွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။
ဒါ့အပြင် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပြီး ဒီကနေ့ ဇန်နဝါရီ ၆ ရက်မှာ ဆွေးနွေးပွဲ ဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာလည်း အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။
တိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA) KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အပါအဝင် အချက် ၄ ချက်ကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။
Photo-DSINFO