close

ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု

close

April 22, 2022

စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် သဘောထားအမြင်များ

ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ‌ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၂ ရက်မှာ ဖိတ်ခေါ်လိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ ပြန်လည်တုံ့ပြန်ချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ပဒိုစောတောနီး (ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ)

“ကေအန်ယူရဲ့ သဘောထားကတော့ ရှင်းပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ကျနော်တို့ ဘယ်တော့မှ တခါမှလည်း မငြင်းဖူးပါဘူး။ ဒါပေမယ့် ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ကျနော်တို့လည်း ထဲထဲဝင်ဝင် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါ ပါခဲ့တဲ့လူတွေ ဖြစ်တယ်။ စစ်တပ်နဲ့ သေချာ မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ စကားပြောတာရှိတယ်။ ဒါပေမယ့် ကိုယ်ဖြတ်သန်းခဲ့တဲ့ အခြေအနေအရ တခုမှ အလုပ်မဖြစ်ဘဲနဲ့ ကန့်လန့်ကန့်လန့်နဲ့ တောက်လျှောက်လုပ်၊ နောက်ဆုံးကျတော့ အာဏာသိမ်းတာနဲ့ အဆုံးသတ်ရတဲ့အခါမှာ ကျနော်တို့ ဒီရဲတွေ့လာတဲ့ အတွေ့အကြုံကောင်းနဲ့ ကျနော်တို့ရရှိလာတဲ့ သင်ခန်းစာကောင်းကို အခြေပြုပြီးတော့ လာမယ့်ဆွေးနွေးပွဲတွေဟာ ဒီလိုမျိုး ဘယ်တော့မှ အဖြစ်မခံဘူးဆိုတာ ကျနော်တို့ ယတိပြတ် ဆုံးဖြတ်တယ်။ အဲဒါကြောင့် ဖြစ်ပေါ်လာမယ့် နိုင်ငံရေဆွေးနွေးပွဲဆိုရင် ကျနော်တို့လည်း ပြင်ဆင်ထားတာရှိတယ်။ ဘာလုပ်ရမလဲဆိုရင် ၁ အချက် ကျနော်တို့ တောင်းဆိုထားတဲ့၊ အထူးသဖြင့် ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေကို သူတို့က လက်ခံရမယ်။ အဲဒီအချက်တွေကို လက်မခံရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ဘာမှ လာပြောစရာ အကြောင်းမရှိဘူး။

ကျနော်တို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေက ဘာမှ ဆန်းတာလည်းမဟုတ်ဘူး။ အဲဒါ ပြည်သူလူထုကိုယ်တိုင် တောင်းဆိုထားတဲ့ဟာပဲ။ ၁ အချက်က တကယ်ပြည်သူလူထုရဲ့ စိတ်ရင်းနဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ တောင်းဆိုတဲ့ဟာ ဘာလဲဆိုတော့ ၁ အချက် စစ်တပ်က နိုင်ငံရေးက ထွက်ရမယ်၊ နံပါတ် ၂ ဖက်ဒရယ်ဒီမိုကရေစီကို ပါးစပ်နဲ့ ပြောလို့မရဘူး၊ တကယ်လက်တွေ့အကောင်အထည်ဖော်ရမယ်၊ ကြေညာလိုက်ပြီးတော့ ဆက်ပြီး အကောင်အထည်ဖော်မယ်။ နံပါတ် ၃ က ဘာလဲဆိုတော့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို သူ လက်ခံရမယ်။ နောက်ဆုံးအချက်ကတော့ နိုင်ငံတကာ ပါဝင်ပတ်သက်မှုကို လက်ခံရမယ်။ ဒီဟာတွေ လက်မခံဘဲနဲ့တော့ ဘာမှ လုပ်လို့တော့ မရတော့ဘူး။ ဒီလူတွေနဲ့ ကျနော်တို့က တွေ့ကြုံခဲ့ပြီးပြီ။ ကျနော်တို့ အရင်တုန်းက ဘေးထိုင်ဘုပြောတဲ့လူတွေဆိုရင် ပြဿနာမရှိဘူး။ ကျနော်တို့က သူတို့နဲ့ ကိုယ်တိုင်ထိတွေ့ပြီးတော့ တကယ်စကားပြောတဲ့လူတွေ၊ အဲဒါကြောင့် သူတို့ ဘာတွေလုပ်လဲ၊ ဘာတွေတွေးလဲဆိုတာ ကျနော်တို့ အတွင်းက အကုန်လုံးသိတယ်။ အဲဒါကြောင့်မို့လို့ အလုပ်မဖြစ်တော့ဘူး။ အလုပ်ဖြစ်တဲ့ဟာကို ကျနော်တို့ ပြောတယ်။”

ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP အတွင်းရေးမှူး ၂)

“ဒီနေ့က အကြမ်းဖက်စစ်ကောင်စီကခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ကျနော်တို့ တိုင်းရင်းသား ‌တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ရည်မှန်းထားတဲ့ နိုင်ငံရေးဦးတည်ချက်၊ နိုင်ငံရေးပန်းတိုင်နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ သူကခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ပြန်လည်ဆွေးနွေးမယ့်ဟာတွေ ဖြစ်တယ်။ ကျနော်တို့ ဒီနေ့ ၂၀၀၈ က မြန်မာနိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အထောက်အကူပြုစေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခု ဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်ထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ KNPP အနေနဲ့ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်းကို statement တွေလည်း ကျနော်တို့ ထုတ်ထားပြီးဖြစ်တယ်။ ဒါကတကြောင်းပေါ့နော်။ ဒါကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်တဲ့ သူတို့ ဒီ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ဘယ်လိုမျိုး ဖြစ်နေလဲဆိုတာ ကျနော်ရှင်းပြတာဖြစ်တယ်။”

“နံပါတ် ၂ အချက်က ဒီနေ့ နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ မြေပြင်အနေအထားနဲ့ ဒီနေ့သွားမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ကတော့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ဘူးပေါ့နော်။ ဥပမာ ကျနော်တို့ ပြည်နယ်ထဲမှာက ဒီလောက်တောင် မြို့တွေ ရွာတွေ အကုန်လုံး ပျက်စီးကုန်ပြီ ဖြစ်နေတယ်။ ဒီအချိန်မှာ ကျနော်တို့က ဘယ်လိုငြိမ်းချမ်းရေးမျိုးကို ကျနော်တို့ စကားပြောရမှာလဲ။ ကျနော်တို့လူတွေကို လူမျိုးတုံးသတ်ဖြတ်တာတွေ၊ နောက်ပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေကို အကြီးအကျယ် ချိုးဖောက်နေတာတွေ မပပျောက်နိုင်ဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတော့ လက်တွေ့ သဟဇာတ မဖြစ်ဘူးပေါ့နော်။ အဲဒါတွေကိုတော့ ကျနော် မှတ်ချက်ပြုချင်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒီနေ့ ကျနော်တို့ ပြည်နယ်ထဲမှာဆိုလို့ရှိရင် အပြစ်မဲ့တဲ့ ပြည်သူတွေက ရာနဲ့ချီပြီး သေဆုံးခဲ့ရပြီ၊ ရာနဲ့ချီပြီး ဖမ်းဆီးထိန်းသိမ်းခံနေခဲ့ရတယ်၊ နောက်ပြီး ရာနဲ့ချီပြီးတော့မှ လူငယ်လူရွယ်တွေ အသက်ပေးခဲ့ကြရပြီ၊ ထောင်နဲ့ချီပြီးတော့မှ အိုးအိမ် အဆောက်အဦတွေ ပျက်စီးခဲ့ရပြီ။ ဒါတွေကို ဘယ်လိုပြုပြင်မလဲဆိုတဲ့ စဉ်းစားချက်၊ ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ဟာက အရင်ဆုံး ကျနော်တို့က လိုအပ်တယ်။ နောက်ပြီး စစ်အာဏာရှင်စနစ်က လုံးဝပပျောက်ရေးက လိုအပ်တယ်။ နိုင်ငံရေးလောကကနေပြီးမှ စစ်တပ်က မပါရေးက အဓိကဖြစ်တယ်၊ ကျနော်တို့အတွက်က။ အဲဒီအချိန်ကျမှသာ ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဖြစ်သင့်တယ်ဆိုတာကို ကျနော်တို့ ပြောချင်တာဖြစ်ပါတယ်။”

ရဲဘော်သံခဲ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF) ဥက္ကဋ္ဌ)

“ကျနော့်ယူဆချက်အရ ပြောမယ်ဆိုရင် ဒီကနေ့ မြန်မာပြည်ရဲ့ ပြဿနာက ငြိမ်းချမ်းရေးပဲဆိုဆို၊ ဒီမိုကရေစီ ဖက်ဒရယ်ရေးပဲဆိုဆို ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာဟာ EAOs တွေနဲ့တင် ဆွေးနွေးနေရုံနဲ့ ရနိုင်တဲ့အဆင့် မဟုတ်တော့ဘူးလို့ ကျနော်ယူဆပါတယ်။ ဒါ ကျနော် နံပါတ် ၁ အချက် ပြောချင်တာပါ။ ဒီနေ့ပြဿနာ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုတရပ်လုံး ရင်ဆိုင်နေရတဲ့ ထိပ်တိုက်တွေ့နေရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးကတော့ ကျနော်ယူဆတဲ့ ယူဆချက်သည် နိုင်ငံရေးမှာ တပ်မတော်က အခုလိုမျိုးပေါ့နော် ဒီအာဏာကိုသိမ်းတယ်၊ နောက်တခုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခုကို နောက်ပြန်လှည့်တယ်ဆိုတဲ့ အခြေအနေက အာဏာသိမ်းမှုကြောင့်လို့ပဲ ကျနော်တို့က မြင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီအခြေအနေမှာ ဒီလိုမျိုး ထပ်ပြီးတော့မှ အကြိမ်ကြိမ် မဖြစ်ဖို့အတွက်ဆိုရင် ကျနော်တို့တွေက ယုံကြည်မှုတွေ၊ အဲဒီယုံကြည်မှုတွေကလည်း ပြည်သူလူထု ယုံကြည်မှ ဖြစ်မှာခင်ဗျာ။ အဲဒီယုံကြည်မှုကလည်း ကနေ့အခြေအနေမှာ စစ်ကောင်စီအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုက အတော်ကျဆင်းနေတဲ့ အခြေအနေမျိုးဖြစ်တယ်။ တဆက်တည်းမှာပဲ ဒီနေ့ဖြစ်နေတဲ့ ပြည်သူလူထုနဲ့ ပြဿနာတွေ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ရွာတွေ မီးရှို့ခံနေရတာတွေ၊ မတရား ရိုက်သတ်ခံနေရတာတွေ၊ မတရားဖမ်းဆီးနေတဲ့ အခြေအနေတွေဟာ လက်တွေ့ဘဝဖြစ်တယ်။ အဲလို လက်တွေ့ဘဝတွေကို ကျနော်တို့ ဒီလုပ်ဆောင်နေတဲ့ဟာတွေကို မရပ်ဘဲနဲ့ အခုလိုမျိုး EAOs တွေချည်း ဆက်တိုက်ဖိတ်ပြီးတော့မှ ဆွေးနွေးမယ်ဆိုရင်လည်း ဒီဆွေးနွေးပွဲတွေကတော့ ကျနော်ထင်တယ် တိုင်းပြည်အတွက် အကျိုးထက် အဆိုးတွေပဲ ပိုပြီးဖြစ်မယ်၊ ပိုပြီးတော့ပဲ ရှုပ်ထွေးစေမယ့် နိုင်ငံရေးအခင်းအကျဉ်းတွေ ဖြစ်စေနိုင်ပါတယ်။ ”

ဗိုလ်မှူးစိုင်းဆု (ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP ပြောခွင့်ရသူ)

“သူတို့က ဒီနေ့ပဲ ထုတ်ပြန်တယ်၊ ပြောဆိုတယ် ဆိုတဲ့အခါကျတော့ ကျနော်တို့မှာ ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးတဲ့အတွက်ကြောင့် ကျနော်တို့ ဗဟိုကော်မတီနဲ့ စုံစုံညီညီ အများသဘောထား၊ အဲလိုအစည်းအဝေးတွေရှိပြီးမှပဲ ကျနော်တို့ အဆုံးအဖြတ်တွေ ပေးနိုင်တယ်ဆိုတော့ ကနေ့ပဲ ထုတ်ပြန်ပြောဆိုတယ်ဆိုတော့ ချက်ချင်း မက်ဆေ့ချ်တော့ မပေးနိုင်သေးဘူး။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေးကို အပြုသဘောဆောင်တယ်လို့တော့ မြင်တော့မြင်တယ်။ ဒါပေမယ့် ဒီအပြောနဲ့အဆိုက ကိုက်ညီဖို့တော့ အဓိက ဖြစ်တယ်ပေါ့နော်။ အားလုံး အဲလိုမျိုး သဘောထားကျယ်ကျယ်နဲ့ ပြောတဲ့အခါကျတော့ စိတ်ထင်တော့ အားလုံး တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောမှပဲ ဖြစ်မှာပေါ့နော်။ ပြောချင်တာကတော့ လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှ တနိုင်ငံလုံး အဖွဲ့ကြီးငယ်မဆို တော်လှန်နေတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့မယ်ဆိုရင်တော့ အဲလိုမျိုးသဘောထားနဲ့ အကျုံးဝင်ပြီးတော့ ပြောရင်တော့ အပြုသဘောဆောင်တယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်။ ဒါပေမယ့် လက်တွေ့က အဓိကဖြစ်ပါတယ်။”

55 seconds Ago
Up