close

ငြိမ်းမောင်(ပ.တ.တ)

close

March 29, 2023

အညာတခွင်က သူပုန်ထလို့ အာဏာရှင်ဓားပြတွေ ပုဏ္ဏကတိုက်ခံနေရပြီလား

ဒီနေ့ ငြိမ်းမောင် ခရီးထွက်ရပါတယ်။ ပြည်သူ့အခြေပြုကျောင်းတခုရဲ့ ကျောင်းစုံညီပွဲလေးတခု သွားတက်တာပါ။ ရင်ထဲမှာတော့ ငိုပြန်လာရတာပဲဗျိုး။

အာဏာမသိမ်းခင်က ငြိမ်းမောင်တို့လည်း ကျောင်းသားလေ။ အပေအတေ၊ ယောင်ခြောက်ဆယ် ကျောင်းသားခေါင်းဆောင်လေးပေါ့။ စုံညီပွဲဆို ခုံစီ၊ မဏ္ဍပ်ထိုး၊ ဧည့်ခံ ပြာပြာတက်လုပ်နေကြကောင်ပေါ့။ အခုမှာတော့ စစ်ကြီးအတွင်းက ကိုယ့်ထက်ငယ်တဲ့ ကလေးတွေရဲ့ ပညာရေးစုံညီပွဲတော်ကို လက်နက်ကိုင်တပ်တခုရဲ့ အကြီးပိုင်းအနေနဲ့ သွားရောက်ဆင်နွှဲရတာဆိုတော့ ဘဝကြီးက မျက်စိတမှိတ်၊ လက်တဖြောက်အတွင်း ဘာတွေ ဖြစ်ကုန်တာလဲဆိုပြီး တယောက်တည်း အတွေးသီနေတော့တာပါပဲ။

အဲဒီရွာလေးက လုံခြုံရေးအရ ပြောဖို့ခက်ပေမဲ့ အများပြည်သူသုံး အဝေးပြေးလမ်းမကြီးနဲ့မှ ၃ မိနစ်ပြည့်‌ေအာင် မသွားရတဲ့ ရွာလေးပါ။ စစ်ကောင်စီတပ်က ကားနဲ့လာရင်း လီဗာတချက်ဖြဲနဲ့ ရောက်ပါတယ်။ ဒါပေမဲ့ အဖိနှိပ်ခံ အညာလူထုရဲ့ အားမာန်ဟာ သိပ်ကြောက်ဖို့ ကောင်းလောက်အောင် ဖြစ်ထွန်းအောင်မြင်ခဲ့ပါပြီ။

ဗမာပြည်တပြည်လုံးက မြို့နေလူတန်းစားတွေဟာ အနီရောင် မဝတ်ရဲတဲ့အချိန်၊ အမေလို့ မအော်ရဲတဲ့အချိန်၊ ဒီမိုဆိုတဲ့စကားကို ညည်းတောင်မညည်းရဲတဲ့အချိန်မှာ ဒီအဝေးပြေးလမ်းမကြီးရဲ့ လက်တကမ်းက ရွာကလေးမှာတော့ အသံချဲ့စက်ကြီးတွေ တအုန်းအုန်းနဲ့ တဗြုန်းဗြုန်းနဲ့ အက၊ အလှတွေ စုံစုံလင်လင် ဝေဝေဆာဆာနဲ့ ကျောင်းသား၊ မိဘ၊ ဆရာ၊ တော်လှန်ရေးတပ်တွေနဲ့ အတော်ကို စည်းကားသိုက်မြိုက်လှတဲ့ ပညာရေးစုံညီပွဲတော်ကြီး ကျင်းပနေပါတယ်။

သေချာတွေးကြည့်ရင် ဝမ်းနည်းဝမ်းသာကြီးပါ။ “ဒီမိုကရေစီအမြန်ပွင့်လန်း....... အမေပန်းပန်ရမယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်းကို ကျောင်းသူလေးတွေ နှင်းဆီလေးတွေပန်လို့ ကပြ ဖျော်ဖြေကြတယ်။ PDF ယူနီဖောင်းနဲ့ သေနတ်အတုလေးတွေနဲ့ “ချီလာပြီ၊ ချီလာပြီ ပြည်သူ့ရင်ခွင်ဆီ” ဆိုတဲ့ ပြည်သူ့တပ်မတော်ကြီး ချီတက်လာတဲ့ သီချင်းတွေကို ကျောင်းသား၊ ကျောင်းသူ ပေါက်စကလေးတွေက အားနဲ့မာန်နဲ့ သရုပ်ဖော် တင်ဆက်ကြပါတယ်။ မျက်ရည်ဝဲမိတဲ့အထိ ဝမ်းသာမိပါတယ်။

တခါ ဆရာ ဆရာမတွေကလည်း

“ထီမထင် ကျောင်းတော်သားတွေရဲ့

အမည်စဥ် ခေါင်းပေါ် ဖျားမှာလ

မင်းရို့ဆရာကိုလည်း

စာရင်းတို့ကာ ထားလိုက်ကြပေတော့” ဆိုတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးကို သတိရမိလောက်အောင်ပဲ ဖျင်နီတိုက်ပုံကိုယ်စီနဲ့ ပီတိတွေဖြာနေတာကို အထင်းသား မြင်နေရတာပါ။ ဘယ်မလဲ လခ၊ ဘယ်မလဲ နေစရာ၊ ဘယ်မလဲ အသက်အာမခံချက်၊ ဘယ်မလဲ ပင်စင်လစာ ဘာဆိုဘာမှမရတဲ့ ပြည်သူ့အခြေပြုကျောင်းက ဆရာဘဝကို သူတို့ ရွေးခဲ့ကြတာပါ။ သိပ်အံ့သြစရာ ကောင်းလှပါတယ်။

တက်ရောက်လာကြတဲ့ ရွာအစုံက လူထုဟာလည်း ထောင်ဂဏန်းကျော်ပါတယ်။ ပြုံးပျော် မြူးထူး ရယ်မောနေကြပါတယ်။ သူတို့ပျော်နေကြပါတယ်။ သူတို့ရွာ မီးနဲ့ရှို့ခံရလည်း သူတို့ပျော်နေပါတယ်။ သူတို့ကို လျှပ်စစ်မီး၊ အင်တာနက် ဖြတ်ထားလည်း သူတို့ပျော်ပါတယ်။ သူတို့တောင်သူလုပ်ငန်းထွက် ကုန်ပစ္စည်းတွေကို စစ်တပ်နဲ့ ခရိုနီပေါင်းပြီး စျေးနိှမ်ဝယ်လည်း သူတို့ပျော်တယ်။ ရွာပေါ်ကို မကြာခဏ လက်နက်ကြီးကျနေလည်း သူတို့ပျော်တယ်။ စစ်ကြောင်းထိုးလာတိုင်း နို့စို့အရွယ်ကနေ တောင်ဝှေးထောက်တဲ့ အရွယ်အထိ အိုးအိမ်စွန့်ခွာပြေးရင်း တောထဲက ချုံကြိုချုံကြားမှာ မြေကြီးပေါ် ရှိတာခင်းအိပ်ခဲ့ရလည်း သူတို့ ပျော်နေပါတယ်။

ဘာလို့လဲ၊ သူတို့ ဒီမိုကရေစီအရသာကို ခံစားနေကြရပြီလေ။ သူတို့အနားဝန်းကျင်မှာ လက်နက်ကိုင်တပ်တွေ အများကြီးရှိပေမဲ့ သူတို့ ကြောက်စရာတစက်မှ မလိုပါဘူး။ သူတို့ချစ်တဲ့ အမေစုကို ချစ်တဲ့အကြောင်း ကြိုက်သလို အော်ဟစ် ကြွေးကြော်လို့ ရပါတယ်။ သူတို့မုန်းတီးစက်ဆုပ်တဲ့ ဖက်ဆစ်တပ်ကို စိတ်ရှိသလို ကျိန်ဆဲလို့ ရနေပါတယ်။ ဒီ ဒီမိုကရေစီ အရသာလေး ရဖို့အတွက် ဗမာပြည်လူထုဟာ အရာရာကို စွန့်လွှတ်ဝံ့ခဲ့ကြပါပြီ။ အသက်ပါစတေးပြီး ရရာလက်နက်နဲ့ စွဲကိုင်တော်လှန်ခဲ့ကြပါပြီ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် အနယ်ထိုင်လာတဲ့ ဗမာပြည်က အဖိနှိပ်ခံလူထုရဲ့ အကြောက်တရား၊ အမုန်းတရားဟာ ခုတော့ ကြီးမားတဲ့ လက်နက်ကိုင်လွတ်မြောက်ရေး တိုက်ပွဲကြီးတရပ်ကို ဆင့်ခေါ်ဆင်နွှဲခဲ့ကြပါပြီ။

လူကသာ ထိုင်ပြီး နားထောင်အားပေးနေတာ။ ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းသာကြည်နူးနေမိတော့တာပါပဲ။ တကယ်တော့ ဒီနယ်မြေဟာ ဖက်ဆစ်ရန်သူတပ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တကယ့်စစ်ပွဲဧရိယာကြီးပါပဲ။ ဖက်ဆစ်တပ်ဟာ တွေ့တဲ့နေရာ ပစ်သတ်နေတဲ့အချိန်ပါ။ စိတ်မထင်ရင် မထင်သလို လေယာဥ်နဲ့ဝင်ပြီး ကျေးရွာတွေထဲထိ ပစ်ခတ်တိုက်ခိုက်နေတဲ့ဒေသပါ။ ဒါပေမဲ့ ပစ္စည်းမဲ့တို့ရဲ့ ဒေါသဟာ ငြှိမ်းသတ်လို့မရနိုင်တဲ့ လွတ်မြောက်ရေးတိုက်ပွဲ မီးပွားကြီးကို သန္ဓေတည်ခဲ့ကြပါပြီ။ ပစ္စည်းမဲ့တို့ရဲ့ လွတ်မြောက်ရေး တိုက်ပွဲခေါ်သံဟာ စစ်ဗိုလ်ချုပ်တွေအတွက် ပုဏ္ဏကတိုက်သလို တခိုက်ခိုက် တုန်နေကြပါပြီကောဗျာ။

“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ အညာသားတွေရဲ့ ဟစ်ကြွေးသံက တကယ်ဖြစ်ထွန်းခဲ့ပါပြီ။ ဘယ်ကမ္ဘာကြီးကိုမှလည်း အားမကိုးတော့ပါဘူး။ ဘယ် UN၊ ဘယ် အာဆီယံ၊ ဘယ်တိုင်းပြည်မှလည်း အားမကိုးတော့ပါဘူး။ ဖက်ဆစ်တပ်ရဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေကြောင့် ကယ်တင်ရှင်ဝါဒကို ဗမာလူထုဟာ စွန့်ပယ်လိုက်ကြပါပြီ။ ညီညွတ်တဲ့ အုံကြွတော်လှန်မှုကြီးကသာ စစ်မှတ်တဲ့လွတ်မြောက်မှုကို ရရှိနိုင်ကြောင်း သူတို့သိရှိသွားကြပါပြီ။

လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပာယ်ဆိုတာ ချမ်းသာတာလည်း မဟုတ်ဘူး၊ တိုက်ကြီးနဲ့နေတာလည်း မဟုတ်ဘူး၊ ကားကြီးစီးတာလည်း မဟုတ်ဘူး။ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ကသာ စစ်မှန်တဲ့ လူဖြစ်ခြင်းအဓိပ္ပာယ်ဖြစ်ကြောင်း အညာက ကောင်းကောင်းသိသွားပြီဆိုတာ အခု စုံညီပွဲတော်ကြီးက သက်သေပါပဲ။

အညာတခွင်ဟာ အာဏာရှင်တွေ ပုဏ္ဏကတိုက်ခံရတဲ့ရပ်ဝန်း ဖြစ်လာတာပါပဲ။ ရုတ်တရက် ဘာသတိရသွားတုန်းဆိုတော့ ဗမာပြည်ကို အင်္ဂလိပ်ဝင်သိမ်းတုန်းက မြတောင်ကျောင်း လှေကားထစ်လေးပေါ်က အံတကြိတ်ကြိတ်နဲ့ ကြည့်နေခဲ့ရတဲ့ သခင်ကိုယ်တော်မှိုင်း ဖြစ်လာမယ့် ကိုရင်ငယ်လေးရဲ့ “မခံချင်ပုံများ အနောက်ဘက်က စစ်ကိုင်းကူးပြီး ဗိုလ်ဝင်ခံက သူပုန်ထလိုက်ချင်တယ်” ဆိုတဲ့ လေချိုးကြီးကို သတိရမိသွားပါတယ်။ သခင်ကိုယ်တော်မှိုင်းက နိမိတ်များ ပေးခဲ့လေရော့သလားလို့တောင် တွေးမိပါတယ်။

“နန်းဆက်အမွေကိုလည်း မှန်းမိတဲ့ပြင်

ကမ္မဋ္ဌာန်းသတိနဲ့ မဆင်ခြင် မမြင်ခင်မှာ

ဘရောက်ဘရက်နဲ့ နောက်ပျက်ပျက်အရူးလိုပေါ့

အနောက်ဘက်ကူးကာ တောင်စဉ်စစ်ကိုင်းတွင်ဖြင့်

ချောင်မြင်တိုင်းမှာ မောင်ရင်မှိုင်းကြီး ဗိုလ်ဝင်ခံလို့မို့”

ငြိမ်းမောင် (ပ.တ.တ)

11 mins Ago

February 6, 2023

ညီညွတ်ရေးတပ်ပေါင်းစုအတွေးအခေါ်နဲ့ တော်လှန်ကြ

နွေဦးတော်လှန်ရေးက အထိုက်လျောက် ကျယ်ပြန့်နက်နဲလာတဲ့အခါ မြန်မာပြည်မှာ ခေတ်တိုင်းရဲ့ ကျဆုံးမှုတရားခံက ပြန်ပေါ်လာပါပြီ။ မြန်မာပြည်ရဲ့ အဖိနှိပ်ခံတို့ တော်လှန်ရေးကို ခေတ်တိုင်းမှာ ကျဆုံးစေခဲ့တဲ့၊ ခေတ်တိုင်းမှာ ဆင်းရဲစေခဲ့တဲ့ ညီညွတ်ရေးမတည်ဆောက်နိုင်ခြင်း ပြဿနာကြီးပါပဲ။

ဟိုး..ပဝေသဏီက ၁၉၀၆ မတိုင်ခင် ကိုလိုနီတော်လှန်ရေး ခေတ်ဦးကလည်း ဒီပြဿနာ ရှိခဲ့ပါတယ်။ ချင်းမှာ ကြွမ်ဘိ၊ ကယားမှာ စော်လဖော်၊ ရခိုင်မှာ ဦးဥတ္တမ စတဲ့ နယ်ပယ်လူမျိုးစု အသီးသီးက အမျိုးရေးစိတ်ဓာတ်ပြင်းပြင်းနဲ့ ထကြွပုန်ကန်ခဲ့ပေမဲ့ ထင်သလောက် ခရီးမပေါက်ခဲ့ရတာ ညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့လို့ပါ။

တခါ နေဝင်းခေတ်ကုန်ပိုင်း ၈ လေးလုံးအရေးတော်ပုံကျတော့လည်း ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသား စသဖြင့် ညီညွတ်ရေး မတည်ဆောက်နိုင်တဲ့အခါ ရန်သူက လက်ဦးမှုရယူပြီး အပိုင်ချေမှုန်းခံရတာပါ။

ဒီတခါ နွေဦးတော်လှန်ရေး လာပါပြီ။ အမေ လူထုဒေါ်အမာ ပြောသလို အာဏာရှင်ဆိုတာ အရှင်ထွက် မထွက်တော့ အာဏာရှင်တွေ ရှိနေသရွေ့၊ သူတို့ အသေထွက် မထွက်သရွေ့ကတော့ တိုင်းပြည်က မကြာခဏ ပျက်စီးနေရဦးမှာပါပဲ။ တော်လှန်နေကြရဦးမှာပါပဲ။ တော်လှန်တဲ့နေရာမှာ ညီညွတ်မှုကို မတည်ဆောက်နိုင်တဲ့အခါ လုံးပါး ပါးသွားရတာပါပဲ။

ကျနော်တို့ နွေဦးတော်လှန်ရေးကြီးကလည်း အခုအချိန်မှာ ထိုက်သင့်တဲ့ စိုးမိုးမှုတွေ ရရှိလာနေပါပြီ။ အခုတော်လှန်ရေးကြီးကို လမ်းကြောင်းမှန်မှန်နဲ့ အောင်မြင်အောင် ဘယ်လို ဆင်နွှဲကြမလဲ။ မကျဆုံးနိုင်ပါဘူးလို့ စုံမှိတ်လို့ ဟန်ကြိတ်မနေစေချင်ပါဘူး။ တချိန်က ရန်ကုန်အစိုးရလို့ ပြောရလောက်အောင် တော်လှန်ရေးတပ်တွေဟာ နယ်မြေတွေ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် ဆုံးရှုံးလိုက်ရတဲ့ သာဓကတွေက အထင်ကရ ရှိနေပါတယ်။

အခုလည်း မြန်မာပြည် နွေဦးတော်လှန်ရေးဟာ သမိုင်းအဋ္ဌကထာအရတော့  ညီညွတ်ရေးတပ်ပေါင်းစု မတည်ဆောက်နိုင်ရင် အောင်မြင်ဖို့ မလွယ်ကူလှပါဘူး။ ရန်သူ အာဏာသိမ်းစစ်ကောင်စီဟာ သွေးခွဲရေးမှာ ပြိုင်စံရှားလှပါတယ်။ နဂိုကတည်းက တော်လှန်သောအတွေးအခေါ် လုံးဝမရှိအောင် ချိုးနှိမ်ထားသလို ဘာသာရေး အစွန်းရောက်အောင် မျိုးဆက်တဆက်လောက် ပက်ပက်စက်စက် မှိုင်းတိုက်ထားတာပါ။ ဒီတော့ ကျနော်တို့ဘက်က နိုင်ငံရေးအင်အားစု၊ လက်နက်ကိုင်အင်အားစု၊ အရပ်ဘက် (NGO/INGO) အင်အားစု၊ နိုင်ငံရေးပါတီအင်အားစု၊ ပြည်ပရောက် မြန်မာပြည်သူအင်အားစု၊ သမဂ္ဂအင်အားစု၊ သပိတ်အင်အားစု စတဲ့ တော်လှန်ရေးရဲ့ အတောင်ပံကြီးတွေ အကုန်လုံး စုစည်းထားနိုင်ဖို့ လိုပါတယ်။

ကဲ… ..ဒီလိုဆိုတော့ ညီညွတ်ရေးတပ်ပေါင်းစုကို ဘယ်လိုဖော်ဆောင်မလဲ စဥ်းစားရပါပြီ။

အနိမ့်ဆုံး ဘုံလုပ်ငန်းစဥ်တူညီတဲ့ အစုအဖွဲ့တွေ အားလုံးပေါင်းစည်းရမှာပါ။ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တရား၊ စစ်အုပ်စုဒေါက်တိုင် ဆိုတဲ့ စစ် (စစ် ၃) စစ် ကျဆုံးရေးဟာ အနိမ့်ဆုံး ဘုံသဘောတူညီချက် ဖြစ်ရပါမယ်။ အဲဒီလုပ်ငန်းစဥ်ကို ဘယ်လိုနည်းနဲ့ အကြားအလပ်မရှိ ချီတက်နိုင်မလဲ ဆွေးနွေးတိုင်ပင် လုပ်ငန်းစဥ်တွေ ချမှတ်ရမှာပါ။ ဒေသန္တရအစိုးရတွေ တည်ဆောက်ရပါမယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရှိနေပေမဲ့ NUCC ရဲ့ ကိုယ်စားပြုမှုဟာ ဘောင်ကျဥ်းနေပါသေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ မြေပြင် အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရောက် မြန်မာပြည်သူအင်အားစုတွေရယ်ကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဖို့လိုပါတယ်။

စည်းရုံးတဲ့နေရာမှာတော့ နိုင်ငံရေးသဘောထား ရိုးစင်းဖို့ လိုအပ်ပါတယ်။ ဥပမာ ဖက်ဒရယ်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလား၊ လူမျိုးစုတွေရဲ့ဆန္ဒကို အခြေခံတဲ့ ငြိမ်းချမ်းရေးလား ဒါ တိကျအောင် ဆွေးနွေးဆုံးဖြတ်ထားဖို့ လိုတယ်။ ကိုယ့်ရဲ့ လက်ခံနိုင်တဲ့ အခင်းအကျင်းရဲ့ ဘောင်ကို ကြိုစဥ်းစားရမယ်။

အကောင်းဆုံး ဥပမာပေးရရင် ULA/AA ရက္ခိုင့်တပ်တော်ပေါ့။ သူတို့လိုချင်တာက ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်) လို့ ပြောရေးဆိုခွင့်ရှိသူက တရားဝင် ထုတ်ပြောပြီးသား။ သူတို့မှာ ရက္ခိတလမ်းစဥ် ရှိတယ်လို့လည်း ပြောပြီးသား။ ဒါကို ဒီဘက်က ဘယ်လို အာမခံချက် ပေးနိုင်မလဲ။ ဒါ အဓိကအချက်ပဲ။ သူတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကို အာမခံပေးနိုင်တဲ့သူနဲ့ ဆွေးနွေးမယ်လို့ ပြောထားပြီးသား။

ဒီတခုတည်းမဟုတ်ဘူးနော်။ စဥ်းစားစရာတွေ အများကြီးပဲ။ ဒါ့ကြောင့် တပ်ပေါင်းစု တည်ဆောက်တဲ့အခါ စစ် (စစ် ၃) စစ် ချေမှုန်းရေးဆိုတဲ့ ဘုံလုပ်ငန်းစဥ်နဲ့ မပြီးသေးဘူး။ နောက်ပိုင်း နိုင်ငံရေးအပေးအယူ၊ ကတိကဝတ်တွေ လိုပါတယ်။ NUG အနေနဲ့လည်း ဘယ်အဖွဲ့နဲ့ ဘယ်အဆင့်ထိ သဘောတူထားတယ် ဆိုတာမျိုး ထုတ်ပြောတာ မရှိသေးပါဘူး။ ခန့်မှန်းသုံးသပ်ဖို့ ခက်ခဲပါတယ်။

နောက်တခုက ညီညွတ်ရေးကို တပ်ပေါင်းစုအတွေးအခေါ်နဲ့ မတည်ဆောက်ဘဲ တစု၊ တဖွဲ့အောက်ကို ဇွတ်အတင်း သိမ်းသွင်းရင်လည်း မနှေးမကြာ ပျောက်ကွယ်သွားဦးမှာပါပဲ။ တဖွဲ့နဲ့တဖွဲ့၊ တစုနဲ့တစု နားလည်မှုရှိရှိနဲ့ အပြန်လှန် လေးစားမှသာ ညီညွတ်ရေးက အောင်မြင်နိုင်မှာပါ။ ပြည်သူလူထုရဲ့ ထောက်ခံမဲတွေနဲ့ တရားဝင်မှု (De Jure Legitimacy) ရရှိထားတဲ့ အဖွဲ့အစည်းတွေ၊ လက်တွေ့ မြေပြင်တွင် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေတွေ၊ အုပ်ချုပ်မှုယန္တရားတွေ၊ လူထုထောက်ခံမှု အသီးသီး ရရှိခြင်းအားဖြင့် တရားဝင်မှု (De Facto Legitimacy) ရှိသော အဖွဲ့အစည်းတွေ စတာတွေအားလုံး လက်တွဲဆောင်ရွက်ဖို့ လိုပါတယ်။

တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ နိုင်ငံတော်အဆင့်ထိ အဆင့်ဆင့်သော ညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွေ ဖွဲ့ရပါမယ်။ မြို့နယ်အဆင့်မှာလည်း လူထုလက်ခံထားတဲ့ ရှိသမျှ လက်နက်ကိုင်၊ ရှိသမျှ နိုင်ငံရေးအင်အားစု၊ ရှိသမျှ အရပ်ဘက်အဖွဲ့တွေ အကုန်စုပေါင်းပြီး မြို့နယ်ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ဖွဲ့ရပါမယ်။ မြို့နယ်တွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ တိုက်ခိုက်ရေး၊ ကယ်ဆယ်ရေး၊ ဖွံ့ဖြိုးရေး စတဲ့ အရေးပေါင်းစုံကို အလုပ်ကော်မရှင်တွေ ဖွဲ့စည်းတာမျိုးဖြစ်စေ၊ တဦးချင်း တာဝန်ခံတာမျိုးဖြစ်စေ စီမံကွပ်ကဲရမှာပါ။

ဒီနေရာမှာ သတိမူသင့်တာက လူမျိုးစုနယ်နိမိတ် ယူနစ်ကောင်စီတွေ၊ ဒေသအခြေပြုယူနစ် ကောင်စီတွေ ပေါ်လာနိုင်ပါတယ်။ ဥပမာ ယောကာကွယ်ရေးတပ်ဆိုရင် ကျောမြို့၊ ဆောမြို့၊ ဂန့်ဂေါမြို့၊ ကျောက်ထုမြို့၊ ထီးလင်းမြို့ စတဲ့ ယောဒေသလို့ ခေါ်ဝေါတဲ့ ဒေသအတွက် ဖွဲ့စည်းပြီး အဲဒီဒေသကို သူတို့ကိုယ်တိုင် စီမံကွပ်ကဲတာပါ။ တခါ စစ်ကိုင်းတိုင်းအထက်ပိုင်းက ရှမ်းနီတို့၊ ရှမ်းမြောက်က ပလောင်တို့လို လူမျိုးစုနယ်နိမိတ်ကောင်စီတွေလည်း ပေါ်လာမှာပါ။ သူတို့ကိုလည်း ကြိုဆိုလက်ခံပေးရမှာပါ။ ဒါမှသာ ထုထည်အင်အားကောင်းကောင်းနဲ့ ရန်သူကို အရှိန်ပြင်းပြင်းနဲ့ ဖြိုခွင်းနိုင်မှာပါ။ သဘောတရားကတော့ ဒါလောက်ဆို သဘောပေါက်ကောင်းပါကဲ့ဗျာ။ ထထကြွကြွ ရိုးရိုးသားသား လုပ်ဖို့ပဲလိုတာ။

ကိုင်း.. ဗျာ။ ကျနော်တို့ မြန်မာပြည် အဖိနှိပ်ခံ တော်လှန်ရေးကို ခေတ်အဆက်ဆက် ပုတ်ချခဲ့တဲ့ ညီညွတ်ရေးတည်ဆောက်မှု ပြဿနာကြီး ပြန်လာပါပြီ။ နတ်ဆိုးသခင်ကြီး ပြန်နိုးထလာပါပြီ။ တိုင်းပြည်အပေါ် ချစ်တဲ့စိတ်၊ လူထုကို အလုပ်ကျွေးပြုတဲ့စိတ်၊ မျိုးဆက်သစ် စွန့်လွှတ်ရဲသူတွေကို အားနာချီးမြှောက်တဲ့စိတ်နဲ့ နိုင်ငံရေးရည်ရွယ်ချက် ရိုးရိုးသားသားနဲ့ ညှိနှိုင်းကာ ညီညွတ်ရေးတပ်ပေါင်းစုကြီးတခု တည်ဆောက်ပြီး တော်လှန်ရေးတပ်ဦးအဖြစ် တိုးတက်ဖြစ်ထွန်းလာမယ် ဆိုရင်တော့ မြန်မာပြည်လူထု လွတ်မြောက်ရဖို့ သေချာနေပါပြီ။

အဲ… ဒါပေမဲ့ တယောက်တပေါက်နဲ့ ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုးနေရင်ဖြင့် အာဏာရှင်စနစ်ဆိုးကြီးအောက်က ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ နိဂုံးချုပ်အနေနဲ့ ဆရာသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးတကြောင်းနဲ့ သတိပေးလိုက်ပါရစေ ခင်ဗျာ..။

အဲဒါကတော့ “အမြှောက်ကြိုက်ကြိုက်ပြီး အခြောက်တိုက် လူမညီပါလျှင် မှားကြလိမ့်မထင့်” ဟူသတတ်။

ငြိမ်းမောင် (ပ.တ.တ)

2 months Ago
Up