close

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

close

April 26, 2023

မဟာလူသားဝါဒီ ကဗျာဆရာကြီး ဇော်ဂျီ

၁။

မြန်မာ့စာဆိုကြီး ဆရာဇော်ဂျီကို ကျနော် ငယ်စဉ်က စိတ်ထဲမှာ အသိအမှတ်ပြုလို့ မရခဲ့ပါ။

ဒီတုန်းက ကျနော်က “လူတန်းစား ခွဲခြား သတ်မှတ်သုံးသပ်”တဲ့ လက်ဝဲအယူအဆတချို့ကို ခြောက်ကပ်စွာ အသေဆုပ်ကိုင်ထားတဲ့အရွယ် ဖြစ်ပါတယ်။

လူတန်းစား ခွဲခြားသတ်မှတ်သုံးသပ်တဲ့ အယူအဆဆိုတာနဲ့ ပတ်သက်ပြီး အယူအဆတချို့ကို ဥပမာပေးရမယ်ဆိုရင်…၊ ကျနော်ငယ်စဉ် ဆယ်ကျော်သက်အရွယ်က ကျနော်တို့အိမ်ရှိရာ လမ်းထဲမှာ နေထိုင်တဲ့ မိသားစုတွေကို လူတန်းစားသုံးမျိုးသုံးစားခွဲပြီး ကြည့်ခဲ့ပါတယ်။ “ချမ်းသာ၊ အလယ်အလတ်နဲ့ ပစ္စည်းမဲ့ကြောမွဲ” ဆိုပြီး လူတန်းစားသုံးမျိုး ခွဲပါတယ်။ လမ်းမှာ ချမ်းသာတဲ့ မိသားစုဝင်တွေနဲ့တွေ့ရင် ကျနော်က နှုတ်မဆက်ပါဘူး။ အဲဒီမိသားစုဝင်တွေကို ရန်လိုတဲ့မျက်လုံးနဲ့ ကြည့်တတ်ပါတယ်။ အလယ်အလတ်တန်းစား မိသားစုဝင်တွေနဲ့တော့ ပုံမှန်ပေါင်းပါတယ်။ ဆင်းရဲသားမိသားစုဝင်တွေကိုတော့ ဖက်လှဲတကင်း အနွေးထွေးဆုံး ဆက်ဆံပါတယ်။ ဒီလို ဘာကြောင့်လုပ်ရသလဲဆိုတော့ “ချမ်းသာရင် ဆန့်ကျင်တိုက်ခိုက်၊ အလယ်အလတ်ကို မဟာမိတ်ပြုလက်တွဲ၊ ဆင်းရဲကိုကျတော့ ပူးပေါင်း” ဆိုတဲ့ စံတော်ဝင် လက်ဝဲသူငယ်နာ အယူအဆကို ကျနော်က ယုံကြည်တယ်လေ။

ကျနော်တို့လမ်းထဲမှာက အိမ် ၅၀ လောက်ပဲ ရှိပါတယ်။ တနေ့တနေ့ အဲဒီ “ပေါင်း၊ တွဲ၊ တိုက်” အယူအဆနဲ့ စာအုပ်အကြီးကြီးတွေကိုင်ပြီး အလုပ်ရှုပ် အတွေးရှုပ်နေတဲ့ ကျနော့်ကို ဖခင်ဖြစ်သူက တော်တော်လေးလည်း မျက်စိနောက်ဟန်တူပါတယ်။ တော်တော်ရူးတဲ့ကောင်လို့တောင်မှ ညည်းညူပြောဆိုပါတယ်။

နောက်တခု ရှိပါသေးတယ်။ ကျနော်က “မိဘမေတ္တာတို့ လူသားတို့ရဲ့ ချစ်ခင်မှု” ဆိုတာတွေကိုလည်း လက်မခံပါဘူး။ ယုံလည်း မယုံကြည်ပါဘူး။ လောကမှာ “လူတန်းစားမေတ္တာပဲ” ရှိတယ်၊ ကျန်တဲ့မေတ္တာအယူအဆတွေက အရင်းရှင်လူတန်းစားရဲ့ ဖောက်ပြန်မှားယွင်းတဲ့ အယူအဆဖြစ်တယ်ဆိုပြီး မိသားစုအတွင်းမှာ မိဘကို လူရှေ့မရှောင် သူ့ရှေ့မရှောင် ပြန်လှန်မေးခွန်းထုတ်လေ့ ရှိပါတယ်။ အမြဲတန်းလိုလို စကားအထွန့်တက်ပြီး မိဘကို မိဘဆိုတဲ့နေရာမှာ မထားချင်တဲ့စိတ် ရှိခဲ့ဖူးပါတယ်။ မိဘတွေက ကျနော့်အပေါ် မေတ္တာနဲ့ဆုံးမရင် ဒါဟာ င့ါကို လူတယောက်အနေနဲ့ လွတ်လပ်စွာနေထိုင်ခွင့်မပေးချင်လို့ ပညတ်တာပဲ ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ချင် ဖြစ်နေတတ်ပါတယ်။ “မိဘမေတ္တာ” ဆိုတာကို မယုံကြည်ဘဲ “လူတန်းစားမေတ္တာ” ကိုပဲ ယုံကြည်ပါတယ်။ ကျနော့်မိသားစုအတွင်းမှာလည်း ကျနော်က လူတန်းစားခွဲပြီး စဉ်းစားတတ်ပါတယ်။ ဖခင်ကို ဖိနှိပ်သူ၊ မိခင်နဲ့တည့်အောင်နေပြီး မောင်နှမတွေကိုတော့ အဖိနှိပ်ခံရသူတွေဖြစ်တယ်လို့ ယူဆပြီး တရင်းတနှီးနေပါတယ်။ မိသားစုမေတ္တာဆိုတာ စစ်မှန်တဲ့မေတ္တာလို့ မယူဆဘဲ လူတန်းစားမေတ္တာကလွဲရင် ဘယ်လိုသောမေတ္တာမဆို မှားယွင်းဖောက်ပြန်တဲ့ သဘောသဘာဝရှိတဲ့ မေတ္တာအဖြစ် ယုံကြည်ခဲ့ပါတယ်။

အဲသလို အယူအစွဲကြီးနေတဲ့အချိန်၊ အဲသလိုအရွယ်မှာပဲ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်း” ကဗျာတွေကို ဖတ်ခဲ့ပါတယ်။ ဒီတုန်းကများ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကလည်း အရှိန်အဟုန်ကြီးစပြုတဲ့အချိန်ဆိုတော့ အဲဒီ ဗေဒါလမ်းကဗျာတွေဟာ လူတန်းစားကိုယ်စားပြုတဲ့ ကဗျာတွေ မဟုတ်ဘူး၊ မှားယွင်းတဲ့အယူအဆ တပ်ဆင်ထားတဲ့ ကဗျာတွေအဖြစ် တချိန်လုံး ဆန့်ကျင်ရှုတ်ချပါတယ်။

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာအယူအဆ မဟာလူသားဝါဒကို “လူတန်းစားကိုယ်စားမပြု” လို့ဆိုပြီး စွဲချက်တွေအမျိုးမျိုးတင်ပြီး လူတွေကို လမ်းလွဲအောင်၊ အယူအဆအရ ထိုင်းမှိုင်းအောင် အိပ်မွေ့ချတဲ့ကဗျာတွေအဖြစ် ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။ အရင်းရှင်လူတန်းစားရဲ့ ဖောက်ပြန်မှားယွင်းတဲ့ အယူအဆတွေနဲ့ ရေးတဲ့ကဗျာတွေအဖြစ် မြင်ပါတယ်။

နောက်ပိုင်းမှာ ကျနော့်ရဲ့ ရီနေဆန်းအချိန်လို့ဆိုတဲ့ အသက် ၄၀ ဝန်းကျင်မှာတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို တကယ့် ကြီးကျယ်မြင့်မြတ်တဲ့ မဟာလူသားဝါဒအဖြစ် နားလည်လက်ခံလာနိုင်ခဲ့ပါတယ်။ ကျနော့်ကိုယ်ပေါ် ကပ်ငြိနေတဲ့ လူတန်းစားမေတ္တာ အညစ်အကြေးကို တဖြည်းဖြည်းနဲ့ ဖြူစင်အောင် ဆေးနိုင်တဲ့အချိန်မှာတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေဟာ ကျနော့်ရဲ့ ဘဝလမ်းညွှန်ကဗျာတွေအဖြစ် ရှေ့တိုး ဖြစ်တည်လာခဲ့ပါတော့တယ်။

၂။

ဆရာဇော်ဂျီဟာ ဗေဒါလမ်း ကဗျာစုကို ပုဒ်ရေ (၄၁) ပုဒ်အထိ ရေးခဲ့ပါတယ်။ (ဆရာဇော်ဂျီက ဗေဒါလမ်း ကဗျာစုလို အခြားကဗျာစု နှစ်စုလည်း ရေးခဲ့ပါသေးတယ်။ “ညီသစ်ဆင်း ကဗျာစု” နဲ့ “ရှေးခေတ်ပုဂံ ကဗျာစု” တွေပါပဲ။ ညီသစ်ဆင်း ကဗျာစုက “ပုတ္တောဝါဒ” အရရေးတဲ့ ကဗျာစုဖြစ်ပြီး ရှေးခေတ်ပုဂံ ကဗျာစုကတော့ “ဇာတိပုည ဂုဏ်မာန” ကိုဖွဲ့တဲ့ ကဗျာစုပါပဲ။)

ဗေဒါလမ်း ကဗျာစု ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ခွဲအသီးသီးနဲ့ ရေးခဲ့ပါတယ်။ ပထမဆုံးရေးတဲ့ ကဗျာရဲ့ ခေါင်းစဉ်က “မယ့်လမ်းပါလား” ကဗျာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ရေးပါတယ်။ ဒါကြောင့်မို့ ဆရာဇော်ဂျီဟာ ဗေဒါလမ်းကဗျာစုကို ၁၉၅၇ ခုနှစ်မှာ စတင်ရေးခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ပထမ စတင်ရေးဖွဲ့တဲ့ ၁၉၅၇ ခုနှစ်ကနေပြီး ၁၉၆၂ ခု၊ ၅ နှစ်အတွင်း ဗေဒါလမ်းကဗျာ ၃၂ ပုဒ်အထိ ရေးဖွဲ့ပါတယ်။ အဲဒီ ၁၉၆၂ ခုနှစ်ရောက်တဲ့အခါ ရေးဖွဲ့မှု ခဏနားခဲ့ပြီး ၁၉၆၇ နှစ်ကြတော့ ဗေဒါလမ်းကဗျာ အမှတ်စဉ် ၃၃၊ မင့် စေတနာ ကဗျာကို ဆက်ရေးပါတယ်။ ၁၉၈၁ ခုနှစ်မှာ နောက်ဆုံးကဗျာဖြစ်တဲ့ “တလှည့်စီ စုန်ဆန်မြဲ” ကဗျာကို ရေးပါတယ်။ စုစုပေါင်း ဗေဒါလမ်းကဗျာ ၄၁ ပုဒ် ရေးခဲ့ပါတယ်။ ဒီကဗျာတွေကို စုစုပေါင်း ၂၄ နှစ်ကြာ အချိန်ယူရေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဗေဒါလမ်းကဗျာစုဟာ လူသားတွေ ထားရှိသင့် ထားရှိအပ်တဲ့ စိတ်ကို တခမ်းတနားဖွဲ့ဆိုတဲ့ ကဗျာတွေအဖြစ် ထင်ရှားလှပါတယ်။ ပုထုဇဉ်လူသား ဖြစ်သော်ငြားလည်း လောကဓံရှစ်ပါးကို ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ မဟာလူသားအဖြစ် ဆောက်တည်ကျင့်သုံးအပ်ကြောင်း တိုက်တွန်းထားတဲ့ ကဗျာစုဖြစ်ပါတယ်။ ဒီကဗျာစုထဲမှာပဲ ပုထုဇဉ်လူသားတွေရဲ့ ဖြစ်မှုပျက်မှု အစုစုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီကဗျာစုတွေကပဲ ဆရာဇော်ဂျီကို ဒဿနကဗျာဆရာ၊ မဟာလူသားဝါဒီ ကဗျာဆရာအဖြစ် လူတွေ လက်ခံလာစေတာပါပဲ။

ဒီကဗျာအားလုံးထဲက ထင်ရှားတဲ့ ကဗျာတပုဒ်ကတော့ နာမည်ကျော် “ပန်းပန်လျက်ပဲ” ကဗျာပါပဲ။ (ဒီကဗျာကို ဒါရိုက်တာ ဦးချစ်ခင်က သူ့ရဲ့ ပန်းပန်လျက်ပါ ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ဝင်တေးအဖြစ် ထည့်သွင်းရိုက်ခဲ့ပါတယ်။ စန္ဒယားချစ်ဆွေက သီချင်းဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ နိုင်ငံကျော် သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။)

“ပန်းပန်လျက်ပဲ”

ညိုပြာပြာ လတာပြင့် ခြေရင်း။

လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာ ဆင်း။

ဆင်းရလဲ မသက်သာ။

အုန်းလက်ကြွေ ရေပေါလော မျောစုန်လို့လာ။

အဆင်းနဲ့အလာ ဗေဒါမ အထွေး။

အုန်းလက်ကြွေ သူ့နံဘေး ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။

နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ။

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။

တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်တည်း။

အယက် အကန် ခံလို့

ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။     ။

(၃)

ဆရာဇော်ဂျီဟာ မြန်မာစာပေသမိုင်းမှာ ခေတ်စမ်းစာပေခေတ် ထူထောင်ကြသူတွေထဲက တဦးအပါအဝင် ဖြစ်ပါတယ်။ ခေတ်စမ်းစာပေခေတ် ထူထောင်ကြသူတွေထဲမှာ အထင်ရှားဆုံး စာရေးဆရာ ကဗျာဆရာများကတော့ စကားပြေမှာ “သိပ္ပံမောင်ဝ”၊ ကဗျာမှာကြတော့ ဆရာ“ဇော်ဂျီ” နဲ့ ဆရာ“မင်းသုဝဏ်” တို့ ဖြစ်ပါတယ်။

၁၉၂၀ နဲ့ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတစုဟာ “ခေတ်စမ်းစာပေ” ဆိုတဲ့ စာပေလှုပ်ရှားမှုတခု လုပ်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာစာပေကို အနောက်တိုင်းစာပေနဲ့ ရောစပ်ပြီး စာပေအမျိုးအစားသစ် တီထွင်ကြတာပါပဲ။ ဒါပေမဲ့ ခေတ်စမ်းစာပေဟာ ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အခြေခံထားပြီးမှ ဥရောပစာပေနဲ့ ရောစပ်ဖို့ ကြိုးစားကြတာပါ။ “အရိုးပေါ် အရွက်မဖုံးစေတဲ့နည်း” ကို သုံးခဲ့ကြပါတယ်။ အနောက်တိုင်း ဥရောပယဉ်ကျေးမှုကို ပုံတူကူး နို့သက်ခံစို့တဲ့နည်းကို ရှောင်ရှားပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ပင်စည်ပင်မထားပြီး စာပေအမျိုးအစားသစ်ကို စမ်းသပ်တဲ့သဘော တီထွင်ကြတာပါ။ ဒါကြောင့်မို့လည်း “ခေတ်စမ်းစာပေ” အဖြစ် ကျော်ကြားလာခဲ့တာပါ။

ခေတ်စမ်းစာပေ တီထွင်လျှောက်လှမ်းကြသူတွေထဲမှာ ကဗျာလှုပ်ရှားမှုကို ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ နှစ်ဦးက အတွဲညီခဲ့ကြပါတယ်။ တချိန်က မြန်မာကဗျာနယ်ပယ်မှာ ထည့်သွင်းရေးဖွဲ့လေ့မရှိတဲ့ လူသာမန်များအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်းနဲ့ လူကလွဲ အခြား တိရစ္ဆာန်လေးများအထိ ထည့်သွင်းရေးဖွဲ့ခဲ့ကြပါတယ်။ ရှေးက နန်းတော်ပရိဝုဏ်အတွင်းမှာ ကျင်လည်ကျက်စားနေခဲ့တဲ့ မြန်မာကဗျာကို နန်းတော်ပြင်ပ ကျေးရွာဇနပုဒ်အထိ အကြောင်းအရာသစ်တွေ ဖြန့်ကြက်ဆန့်ထုတ်ပြီး ရေးကြပါတယ်။ လူများစု သာမန်ပြည်သူတွေနဲ့ ပိုပြီး ထိစပ်နီးကပ်တဲ့ အကြောင်းအရာတွေကို ကဗျာဖွဲ့ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ “ခေတ်စမ်းစာပေခေတ်” ဆိုတာ မြန်မာစာပေသမိုင်းမှာ ကမ္ဘာတည်သရွေ့ တည်တံ့နေတော့မယ့် စာပေခေတ်တခေတ် ဖြစ်လာပါတော့တယ်။

အမှန်တကယ်တော့ ခေတ်စမ်းစာဆိုကြီး ဆရာဇော်ဂျီအကြောင်း၊ ဆရာဇော်ဂျီရဲ့ စာပေကြိုးပမ်းဆောင်ရွက်မှုများနဲ့ ဆရာဇော်ဂျီရဲ့ စာပေအမွေအနှစ်များအကြောင်း ပြောမယ် ရေးမယ်ဆိုရင် ကျမ်းအစောင်စောင် ပြုစုရေးသားမှသာ ပြည့်စုံပါလိမ့်မယ်။ အခုရေးနေတဲ့ ဆောင်းပါးလောက်နဲ့တော့ ဘယ်နည်းနဲ့မှ ဆရာဇော်ဂျီရဲ့ဂုဏ်ကို ပြည့်စုံအောင် ရေးနိုင်ဖွယ် မရှိဘူးဆိုတာ ဝန်ခံအပ်ပါတယ်။

ကျနော့်အနေနဲ့တော့ ဆရာဇော်ဂျီရဲ့ ၁၁၀ ကြိမ်မြောက် မွေးနေ့ကို ဤမျှလောက်သော ဆောင်းပါးနဲ့ပဲ မိတ်ဆက်သဘော ဂုဏ်ပြုလိုက်ပါတယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ဇော်ဂျီ ကဗျာပေါင်းချုပ်စာအုပ် ငှားရမ်းကူညီခဲ့သူ တူမလေး ကဉ္စနာအား ကျေးဇူးတင်စွာဖြင့်။

3 mins Ago

January 29, 2023

ကောက်ကွေ့တဲ့မြစ်ကို ဆွဲဆန့်နိုင်ကြပါ့မလား

(၁)

၁၉၆၄ ခုနှစ်လောက်ကပါ...။ တောင်ဗီယက်နမ်မှာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်တပ်တွေနဲ့ တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ငုယင်ကောင်ကီးရဲ့တပ်တွေ ဖရိုဖရဲ စစ်ရှုံးနေတုန်း။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ် လွတ်မြောက်ရေးတပ်တွေက မြို့တော် ဆိုင်ဂုံကို ဝိုင်းထားတဲ့အချိန်...။

မနက်ခင်း လက်ဖက်ရည်ဆိုင် ထိုင်ကြတဲ့အခါ သတင်းစာကို စားပွဲပေါ်မှာဖြန့်ပြီး ကျနော်တို့က ဗီယက်နမ်စစ်ပွဲမြေပုံကို ဝိုင်းစုမှတ်သားနေခဲ့ကြပါတယ်။ ဗီယက်နမ်တော်လှန်ရေးလက်တွေထဲ ကျသွားတဲ့ တောင်ဗီယက်နမ်မြို့တွေ တမြို့ပြီးတမြို့ကို ကျနော်တို့လက်ထဲက မင်နီချောင်းနဲ့ ဝိုင်းပတ် မှတ်သားလိုက်ကြပါတယ်။

ကျနော်တို့ဟာ အဲဒီတုန်းက ဗီယက်နမ်မျိုးချစ်တပ်တွေဘက်က ရပ်တည်ပြီး နေ့စဉ် လက်ဖက်ရည်ဆိုင် ရင်ခုန်သံစည်းချက်နဲ့ စစ်ပွဲကြီးတပွဲကို စောင့်ကြည့်နေကြတဲ့အချိန်။

မှတ်မိပါသေးတယ်။ ကိုခါး (ကိုခါး-ကွမ်းခြံကုန်း မဟုတ်ပါ) က ဆံပင်ကျောထောက်နဲ့။ ကိုဦး (ကဗျာဆရာ မင်းခိုင်ဦး) က ခေါင်းလောင်းဘောင်းဘီနဲ့။ ကိုစန်းမောင် (ပဲခူးမြို့က ရှေ့နေကြီး ဦးစန်းမောင်) က လည်ကတုံးအင်္ကျီနဲ့။ ကျနော်ကတော့ ရင်ဘတ် ကြယ်သီးဖြုတ်အင်္ကျီ ချက်ပြုတ်ပုဆိုးနဲ့။

ဒီတုန်းက ပဲခူးမြို့က ကျနော်တို့လူငယ်တသိုက်... မော်စီတုံးရဲ့ ကဗျာတပုဒ် ခေါင်းစီးကိုယူပြီး “ဆီးပွင့်” ဆိုတဲ့ ဘာသာပြန်ကဗျာစာအုပ် ထုတ်ခဲ့ကြပါတယ်။ အရှိန်အဟုန်ကြီးကြီးနဲ့ တက်လာနေတဲ့ တကမ္ဘာလုံးက အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ဒီရေ” ဆိုတဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်ခဲ့ကြပါတယ်။

အခု… နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်… ကြာပြီးတဲ့နောက်။ ကြည်မောင်သန်းရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ထဲက “သူတို့” ဆိုတဲ့ ကဗျာတပုဒ်ကို ဖတ်မိတဲ့အခါ ကျနော့်မှာ မှတ်မှတ်ထင်ထင် အလွမ်းမြစ်ထဲ မျှောလိုက်မိတယ်။

သူတို့

သူတို့

တပြိုင်နက် ဆံပင်ရှည်ထားကြ

ဘီးတယ်လ်သီချင်းတွေ နားထောင်ကြ

ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ကြ

ဗီယက်နမ်စစ်ကို ဆန့်ကျင်ကြ

သူတို့

အသံသစ်တွေနဲ့ ဧည့်ဝတ်ကျေပြွန်ခဲ့ကြတယ်။

သူတို့

တပြိုင်နက် လက်ဖက်ရည်ဆိုင်ထိုင် ရီဝေကြ

ပင့်ကူအိမ်ထဲက ပိုးကောင်တွေလို ဘဝ

ရုတ်တရက် ဂေါ်ဘာချော့ဗ်၊ ဘာလင်တံတိုင်းနဲ့

အရှေ့ဥရောပကို အာရုံစိုက်မိကြ

သံကန့်လန့်ကာကို ဆွဲဖွင့်ကြ

သူတို့

ကမ္ဘာကြီးကို လက်နဲ့ဆွခဲ့ကြတယ်။

သူတို့

တပြိုင်နက် ဆံပင်တွေ အရောင်ဆိုးကြ

ဟစ်ဟော့သီချင်းတွေ နားထောင်ကြ

ကွန်ပျူတာနဲ့ထိတွေ့ကြ

ဂိမ်းစ်တွေ ကစားကြရင်း

အနိုင်ရတာကို အရသာတွေ့ကြ

သူတို့

ကောက်ကွေ့တဲ့မြစ်ကို ဆွဲဆန့်နိုင်ကြပါ့မလား...။

(၂)

လွတ်လပ်မှုရဲ့ သင်္ကေတဟာ

ကမ်းခြေတစ်ခုလို့ဆိုရင်

ဟိုမှာ

ကမ်းခြေတစ်ခု အဓွန့်ရှည်ဖို့

မာကျောကျောရုပ်ရည်နဲ့

အကာအကွယ်တွေ ပေးနေသူတွေ...။

(ကြည်မောင်သန်းရဲ့ ကျောက်ဆောင်များ ကဗျာမှ...)

ကျနော်တို့ခေတ်တုန်းကတော့ ဗန်းမော်တင်အောင်ဆိုတာလည်း မာကျောကျော စိတ်ဓာတ်ရုပ်ရည်နဲ့ပါပဲ။ ကျွန်းအစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် ဆိုတာလည်း မာကျောကျော ရုပ်ရည်နဲ့ပါပဲ။ အနှစ်နှစ်ဆယ်ကို ရေးသွားတဲ့ ဗိုလ်မှူးချစ်ကောင်း ဆိုတာလည်း မာကျောကျောရုပ်ရည်နဲ့ပါပဲ။

ကျနော်တို့ဟာ ကျနော်တို့ခေတ်မှာ လေးစားရမယ့်သူကို တလေးတစား ရှာခဲ့ကြတယ်။ ကျောက်ဆောင်တွေကို ဘယ်သူတွေ ကာကွယ်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာ သိချင်ခဲ့ကြတယ် ဆိုပါတော့။

အဲဒီ မာကျောကျောရုပ်ရည်နဲ့လူတွေဟာ ကျောက်ဆောင်ကို ကာကွယ်ရင်းနဲ့ ကျဆုံးသွားခဲ့ကြသလို ကျနော်တို့ကကော ကျနော်တို့ခေတ်ကြီးအတွက် ဘာတွေများ သက်ပြင်းတွေ ချွေခဲ့ကြသလဲ။ ကျနော်တို့ ကမ္ဘာမြေကြီးအတွက် ဧည့်ဝတ်ကျေခဲ့ကြပါရဲ့လား။

နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ

ဒီလိုအနေအထားမှာ

သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်

မသေမရှင် သူငယ်ချင်းတွေနဲ့

သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ရေ

တို့နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို

တို့ ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ။

(ကြည်မောင်သန်းရဲ့ သူငယ်ချင်း အပြင်းပြေဖတ်ဖို့ ကဗျာ..မှ)

ဒီကဗျာပိုဒ်ကိုဖတ်တော့ ကိုယ့်အတ္တ ပုဂ္ဂလိက ဒိုင်ယာရီထဲမှာ ကမ္ဘာကြီးကို မျက်ကွယ်ပြုသွားကြတဲ့ ကဗျာဆရာတိုက်မောင်းကို သတိရတယ်။ ရသစာရေးဆရာ နိုင်ဝင်းဆွေကို သတိရတယ်။ သေချင်ယောင်ဆောင်နေတဲ့ ကဗျာဆရာမ မိဆူးပွင့်ကို သတိရတယ်။ မသေမရှင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို သတိရတယ်။

တချိန်ကတော့ ဟုတ်ပါတယ်...။ ကြည်မောင်သန်းရဲ့ ကဗျာတပုဒ်ထဲကလို ကျ‌နော်တို့ဟာ ဟစ်ပီယောင်ယောင် ဂျစ်ပစီယောင်ယောင်နဲ့ စနစ်တခုရဲ့ သားကောင်ဖြစ်ခဲ့ကြပေမဲ့ ကျနော်တို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား။ ကျနော်တို့ ဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား။ အချုပ်ခန်းတွေ ထောင်တွေ ရဲဘက်စခန်းတွေ ပိုက်လုံးကြီးတွေ ရထားသံလမ်းတွေ ဘူတာရုံတွေ ပလက်ဖောင်းတွေ ဒုက္ခသည်စခန်းကြီးတွေ၊ အရက်ဆိုင်တွေကို ဖြတ်သန်းရင်း… ကျနော်တို့ စစ်အေးခေတ်ကြီးကို ထားခဲ့ကြတာပဲ မဟုတ်လား။ တပါတီအာဏာရှင်စနစ်ကို ရင်ဆိုင်ဖြတ်​ကျော်ဖို့ ကြိုးစားခဲ့ကြတာပဲ မဟုတ်လား။

တချို့က ကျေနပ်လိုက်ကြတယ်။ ကျေနပ်လိုက်တာနဲ့တပြိုင်နက် လွတ်လပ်မှုဟာ ကျဆုံးသွားပြီဆိုတာ မသိလိုက်ကြဘူးလေ။

မီးတိုင်အောက်က မျက်လုံးတစုံဟာ အခုတော့ ညကပွဲခန်းမထဲမှာ ရောင်းအားမြှင့် မျက်လုံးတစုံအဖြစ် ဈေးကွက်စီးပွားရေးဆန်လာတာ ကျနော်တို့ သတိပြုမိပါရဲ့လား။

ကျနော်တို့က တစက်မှ မယိုဖိတ်ရအောင် နေချင်ခဲ့ကြတာပါ။ ဒါပေမဲ့ တာကျိုးတဲ့အသံကြီးကသာ ခေတ်ကြီးတခုလုံးကို လွှမ်းသွားခဲ့တယ်။

အ ကာလ

စိန်ပန်းတွေ မြေခ

ဆိတ်ဖလူးရနံ့မွှေးမြ

အသံမဲ့ ကြယ်တွေ ကြွေကျ

အ ကာလ။

ကလေးရယ်

မင်းကို မွေးတဲ့အခါ

ကံဆိုးမိုးမှောင်ကျ

အ ကာလ။

ကလေးရယ်

မင်းအမေ အပြင်းအထန် ချီတက်ခဲ့ရ

မင်းအဖေ အသည်းအသန် ထွန်ယက်ခဲ့ရ

အ ကာလ။

တကယ်တော့ ကလေးရယ်

သေသေချာချာ တွေးကြည့်တော့မှ

အ ကာလဆိုတာ

ညတညရဲ့ ဈာပန ဖြစ်နေရဲ့။

တခါတရံမှာ ကျနော်တို့ ထောင်ချောက်တွေထဲ ဆင်းခဲ့မိကြတာလည်း ရှိတယ်။ ဒီခေတ်ရဲ့ ထောင်ချောက်တွေက ဥပဓိရုပ်မငြိမ်ဘူးလေ။ အရောင်စုံလွန်း ထွေထွေပြားပြားဖြစ်လွန်းတော့ ထောင်ချောက်တွေက ဗို့အားမြှင့်ဖို့ မလိုလောက်အောင်ကိုပဲ အနံ့ပြင်းတယ်။ ဒီလိုနဲ့ ဆယ်ယောက်ရှိရင် ဆယ်ယောက်၊ နှစ်ယောက်ရှိရင် နှစ်ယောက် လမ်းတွေကွဲကြရတယ်။ ကျနော်ဆုတောင်းတယ်လေ...။ လမ်းဆုံတနေရာမှာတော့ ထောင်ခြောက်ထဲက လူတချို့ ပြန်ဆုံနိုင်ကောင်းရဲ့လို့ပေါ့။ ပိန်းပိတ်အောင် မှောင်လွန်းတဲ့ ခေတ်ကြီးတခေတ်ရဲ့ ဈာပနကို အတူတူ လိုက်ပို့လို့ ရစကောင်းရဲ့ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တအုပ် သေနတ်တလက်နဲ့ လက်တင်အမေရိကတိုက်က လူငယ်တယောက်ကို ကျနော်တို့ အားကျခဲ့ဖူးတာ ကောင်းပါတယ်။ အင်းစိန်ထောင်ထဲက လှဲပစ်လိုက်တဲ့ သမိုင်းဝင် ဆိတ်ဖလူးပင်ကို လွမ်းတတ်တာ ကောင်းပါတယ်။ ကိုဗဟိန်းက လရောင်အောက်မှာထိုင်ပြီး ခင်မကြီးဆီ စာရေးခဲ့တာ ကောင်းပါတယ်။

ကဗျာဆရာတယောက်က ကဗျာစာအုပ်တအုပ်ထဲမှာ ကဗျာပုဒ်ရေ ၁၀၀ နဲ့ လောကကြီးကို ကြိုးပစ်ပြီး ဖမ်းဖို့ကြိုးစားသွားတာ ပိုပြီးကောင်းပါတယ်။

(၃)

ကြည်မောင်သန်း ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ဖတ်ရှုခံစားကြည့်ခဲ့တာပါ။

ဒီကဗျာစာအုပ်ထဲမှာ “ကြည်မောင်သန်း” ရဲ့ စာပေလောကအတွင်း စတင်ခြေချတဲ့ကဗျာ “ဆူးလေလမ်း၏ ရာဇဝင်” ကဗျာ၊ ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ရဲ့ ၁၉၉၄ တနှစ်အတွင်း အကြိုက်ဆုံးကဗျာ “ဖြောင့်ချက်”၊ မန္တလေးစာဖတ်သူများရဲ့ အကောင်းဆုံးကဗျာဆုရ ကဗျာ (၁၉၉၈) “လက်”၊ ၂၀၀၆ ပျဉ်းမနား အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆုရ “တောင်အမေရိကကို သွားချင်တယ်” ကဗျာ၊ ၂၀၀၆ ရွှေအမြုတေစာပေဆု (ကဗျာ) အဖြစ် “အာရှတိုက်ရဲ့ တစ်နေရာ”၊ ၂၀၀၆ ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရ “ငါလည်းတစ်နေ့” ကဗျာတွေကို ထည့်သွင်းဖော်ပြပါရှိတာ တွေ့ရလို့ ပိုမိုစိတ်ဝင်စား ခံစားခဲ့ရ။

(၄)

“ကြည်မောင်သန်း” ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ကျနော် ဖတ်ခဲ့ပါတယ်။ မေးခွန်းတွေလည်း မေးမိသွားပါတယ်။

ကျနော်တို့ရဲ့ တံပိုးတန်းခေတ်မှာ ကောက်ကွေ့တဲ့မြစ်ကို ဆန့်အောင် ဆံပင်နီကြောင်ကြောင် လူငယ်တွေ တကယ်ကြိုးစားနေကြမယ်ဆိုတာကိုတော့ ယုံကြည်လျက်...။

ရာဇဝင်မြစ်ကတော့ တံတားအောက်မှာ စီးဆင်းသွားနေလျက်...။    ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

3 months Ago
Up