(က)
၁၉၉၆-ခု၊ နိုဝင်ဘာလက နိုင်ဂျီးရီးယား သတင်းစာဆရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ကင်ဆာရိုဝီဝါကို အိုဂိုနီလူမျိုးစုဝင်တချို့ အသတ်ခံရမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ တဖက်သတ် စွပ်စွဲချက်နဲ့ နိုင်ဂျီးရီးယားစစ်အစိုးရက ကြိုးပေး ကွပ်မျက်လိုက်ပါတယ်။ ဒီသတင်းဟာ ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားစေခဲ့ပါတယ်။
ဒီတုန်းက ကင်ဆာရိုဝီဝါရဲ့ သတင်းကို ကြားရလို့ ကျနော်လည်းပဲ ကြေကွဲတုန်လှုပ်ခဲ့ပါတယ်။ အခုလို ကြိုးပေးသတ်ခံရတဲ့ ကင်ဆာရိုဝီဝါအတွက် ကြေကွဲရတာနဲ့ တချိန်တည်းမှာပဲ …၊ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ “ဝိုးလ်ဆိုရင်ကာ” အတွက်လည်း ကျနော့်မှာ ရတက်မအေးနိုင်ခဲ့ပါဘူး။ နိုင်ဂျီးရီးယား စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က “ဝိုးလ်ဆိုရင်ကာ” ကိုလည်းပဲ မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားတာမို့ အခုလို ဗရုတ်ဗရက် အခြေအနေမျိုးမှာ သူ့အတွက်ကိုလည်း ကျနော် စိုးရိမ်ခဲ့မိတာပါ။ ဒါပေမဲ့လည်း “ဝိုးလ်ဆိုရင်ကာ” က ၁၉၉၄-ခုနှစ်ကတည်းက ပြည်ပကို ထွက်ပြေးလွတ်မြောက်ပြီး အမေရိကနဲ့ ပြင်သစ်မှာ ခိုလှုံနေထိုင်ခဲ့တာမို့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” ရဲ့ စက်ကွင်းက လွတ်ကင်းနိုင်ခဲ့ပါတယ်။
ပြည်ပမှာရောက်နေတဲ့ “ဝိုးလ်ဆိုရင်ကာ”ကို နိုင်ငံခြားသတင်းဌာနတွေက တွေ့ဆုံ မေးမြန်းကြတာတွေ ရှိခဲ့ပါတယ်။ ကြိုးပေးသတ်ခံရတဲ့ “ကင်ဆာရိုဝီဝါ” ကိစ္စအပေါ် သူ့အမြင် သူ့သဘောထားကို မေးကြမြန်းကြတာပါ။ တွေ့ဆုံမေးမြန်းခန်းတခုမှာ ထည့်ပြောလိုက်တဲ့ “ဝိုးလ်ဆိုရင်ကာ” ရဲ့ စကားတခွန်းက ကျနော့်ကို ထူးထူးခြားခြား မှတ်မှတ်သားသား ဖြစ်စေခဲ့ပါသေးတယ်။ သူက “ဘာရမလဲဗျ၊ ကျနော့်ကို မြန်မာစစ်အစိုးရလုပ်သလို ဘယ်လုပ်လို့ ရမလဲဗျ”ဆိုတဲ့စကားကို ထည့်ပြောပြီး နိုင်ဂျီးရီးယား စစ်အစိုးရလက်အောက်က လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တဲ့ကိစ္စကို ရှင်းပြခဲ့လို့ပါပဲ။
(ခ)
“ကင်ဆာရိုဝီဝါ” ကို ကျနော်က “ဝိုးလ်ဆိုရင်ကာ” လောက် မသိခဲ့ပါဘူး။ ၁၉၉၆-ခု၊ နိုဝင်ဘာလထဲမှာ ကြိုးပေးအသတ်ခံရတဲ့အခါကျမှ “ကင်ဆာရိုဝီဝါ” အကြောင်း စုံစုံစေ့စေ့ သိခွင့်ရလာခဲ့တာပါ။ “ဝိုးလ်ဆိုရင်ကာ”ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ကို ၁၉၉၄ ခုနှစ်ကတည်းက ကျနော် သိခဲ့တာပါ။ အဲဒီအချိန်ကတည်းက သူ့ကို ကျနော် စိတ်ဝင်စားခဲ့တာပါ။
၁၉၉၄-ခုနှစ်ထဲမှာ “ဝိုးလ်ဆိုရင်ကာ” တည်းဖြတ်ထုတ်ဝေတဲ့ “အာဖရိကတိုက်မဲကြီးရဲ့ ကဗျာများ” စာအုပ်ကို ကျနော်ဖတ်ခွင့်ရပါတယ်။ ဂျာမန်သူ မိတ်ဆွေတဦးက ကျနော့်ကို လက်ဆောင်ပို့ပေးတာပါ။ သူ့ကဗျာတွေကို စိတ်ဝင်တစား ရွေးပြီးဖတ်ပါတယ်။ ဒီကြားထဲ သူက အဲဒီ ၁၉၉၄-ခုနှစ်ထဲမှာပဲ နိုင်ဂျီးရီးယားက ထွက်ပြေးရပြီး နိုင်ဂျီးရီးယား စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
“ဝိုးလ်ဆိုရင်ကာ” ဟာ အာဖရိကတိုက်ရဲ့ ပထမဆုံး စာပေနိုဘယ်ဆုရရှိတဲ့ လူမည်း ကဗျာဆရာလည်း ဖြစ်ပါတယ်။ (၁၉၈၆) …။ ပြီးတော့ ပြည်ပမှာ အချိန်အကြာကြီး ထွက်ပြေး နေထိုင်ခဲ့ရသူ၊ ထောင်အကြိမ်ကြိမ်ကျသူ ဖြစ်ပါတယ်။
ပထမဆုံးအကြိမ် ထောင်ကျပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နိုင်ဂျီးရီးယား အနောက်ပိုင်း ရွေးကောက်တင်မြှောက်ပွဲမှာ အနိုင်ရရှိတဲ့ “အာကင်တိုလာ” ရဲ့ အောင်ပွဲမိန့်ခွန်းကို အီဘာဒါ အသံလွှင့်ဌာနကတဆင့် အသံလွှင့်ဖို့ စီစဉ်နေတုန်း “ဝိုးလ်ဆိုရင်ကာ” က သေနတ်တလက်ဆွဲပြီး အသံလွှင့်ရုံထဲ ဝင်လာခဲ့ပါတယ်။ ပြီးတော့ “အာကင်တိုလာ” ရဲ့ မိန့်ခွန်းတိတ်ခွေကို ဖြုတ်ပြီး ကြိုတင်ပြင်ဆင်လာခဲ့တဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရှုတ်ချတဲ့ အသံသွင်းတိတ်ခွေကို အသံလွှင့်လိုက်ပါတယ်။ ဒါနဲ့ပဲ … သူလည်း ထောင်နန်းစံခဲ့ရတာပါ။ ၁၉၆၅-ခု...။
နိုင်ဂျီးရီးယားနဲ့ ဘီယာဖရာ စစ်ဖြစ်တော့လည်းပဲ ကြားဝင်ဆောင်ရွက်လို့ ထောင်ချခံရပြန်ပါတယ်။ “လီလီယန်ဟယ်မန်” နဲ့ “ရောဘတ် လိုဝဲ” အပါအဝင် ထင်ရှားတဲ့ အမေရိကန်နဲ့ ဗြိတိသျှ စာရေးဆရာတွေက နိုင်ဂျီးရီးယားအစိုးရကို ဝိုင်းပြီး တောင်းဆိုကြလို့ ထောင်ကလွတ်လာပြန်တော့ သူ့ရဲ့ ပြဇာတ်တပုဒ်ကို လန်ဒန်မှာ ရုပ်ရှင်ရိုက်ပြီး ပြသလို့ ထပ်ပြီး အဖမ်းခံရပြန်ပါတယ်။
သူ့ရဲ့ အကျဉ်းထောင်အတွင်း အတွေ့အကြုံတွေအပေါ် မူတည်ပြီးရေးတဲ့ “သေလူ” လို့ အမည်ပေးထားတဲ့ ကဗျာစာအုပ် (၁၉၇၂) ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ထုတ်ဝေခွင့် ပိတ်ပင်ခံရပါတယ်။ ၁၉၇၀-ခုနှစ်က ရေးခဲ့တဲ့ “သူရူးနဲ့ ပါရဂူများ” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပြဇာတ်တပုဒ်ဟာလည်း အကြီးအကျယ် နာမည်ကြီးခဲ့ပါတယ်။
၁၉၇၂-ခုနှစ်မှာ ပြည်ပကိုထွက်ပြီး စေတနာ့ဝန်ထမ်း ကျောင်းဆရာ လုပ်ပါတယ်။ ၁၉၇၅-ခုနှစ်ကြတော့ ဂါနာနိုင်ငံကိုသွားပြီး “အာဖရိကရှေ့ဆောင်ဂျာနယ်” မှာ အယ်ဒီတာ လုပ်ပါတယ်။ အဲဒီအချိန်မှာပဲ သမ္မတ “ဂိုဝန်” ရာထူးက နုတ်ထွက်သွားပြီးတဲ့အခါ “ဝိုးလ်ဆိုရင် ကာ” လည်း နိုင်ဂျီးရီးယားကို ပြန်လာခဲ့ပါတယ်။ အိုင်ဖီတက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှာ ပါမောက္ခလုပ်ပါတယ်။ စစ်အာဏာရှင်လက်အောက်က နိုင်ဂျီးရီးယားပြည်သူတွေရဲ့ဘဝကို ထင်ဟပ်ဖော်ပြတဲ့ သူ့ရဲ့ “ကလေးဘဝ နှစ်ကာလများ” (၁၉၈၁) စာအုပ်နဲ့ “အရုဏ်ဦးမှာ သင်ဟာ ရှေ့သို့ချီ ” စာအုပ်တွေဟာ ထင်ရှားလှပါတယ်။
၁၉၉၃-ခုနှစ်ကြတော့ အာဏာသိမ်း စစ်အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲမှာ “ဝိုးလ်ဆိုရင်ကာ” တယောက် ပူးပေါင်းပါဝင်လာပြန်ပါတယ်။ ဒီချီတက်ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက်ပစ်ခတ် လူစုခွဲတဲ့အခါ သူဟာ အဓိက မျက်မြင်သက်သေတဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ စစ်အစိုးရက သူ့ကို ဖမ်းဆီးဖို့ကြိုးစားရာမှာ သူဟာ ပြည်ပကို အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က သူ့ကို မျက်ကွယ်မှာ သေဒဏ်ချခဲ့ပါတယ်။
၁၉၉၈-ခု၊ အောက်တိုဘာလထဲမှာ ဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” ရုတ်တရက် သေဆုံးတဲ့အခါ ဗိုလ်ချုပ်ကြီး “အက်ဘ်ဒူဆာလာမိ အဘူဘာခါ” အာဏာရလာပါတယ်။ သူကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အတွက် “ဝိုးလ်ဆိုရင်ကာ” လည်း နိုင်ဂျီးရီးယားမြေကို ပြန်ပြီး နင်းခွင့်ရခဲ့ပါတယ်။ ပြည်တော်ပြန် နိုဘယ်ဆုရှင်ကဗျာဆရာ “ဝိုးလ်ဆိုရင်ကာ” ကို နိုင်ဂျီးရီးယား ပြည်သူတွေက သူရဲကောင်းတယောက်လို သဘောထား ကြိုဆိုခဲ့ကြပါတယ်။
(ဂ)
အာဏာရှင်တွေကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူတွေတင်မက ပညာရှင်များလည်းပဲ အာဏာရှင်များရဲ့ အာဏာစက်ဒဏ်ကို ခံကြရပါတယ်။ ယုတ်စွအဆုံး ပညာရှင်တယောက်ဟာ အာဏာရှင်စနစ်ကို မတို့မထိဘဲ နေသည့်တိုင်အောင် အာဏာရှင်တွေရဲ့ အခြေခံသဘော သဘာဝကိုက ပညာရှင်ကို မလိုလားတဲ့ အခြေခံရှိတာမို့ ပညာရှင်တွေဟာ ဘေးသင့်ကြရတာချည်းပါပဲ။ အာဏာရှင်လက်အောက်က ပြည်သူတွေကြတော့ ပညာရှင်ဟူသမျှကို လိုလား ထောက်ခံကြပါတယ်။ အထူးသဖြင့် အာဏာရှင်စနစ်ကို ထောက်ပြဝေဖန် ဆန့်ကျင်တဲ့ ပညာရှင်ဆိုရင် ပြည်သူတွေက နည်းလမ်းပေါင်းစုံသုံးပြီး ထောက်ခံကြောင်း၊ လေးနက်ကြောင်း ပြကြလေ့ရှိပါတယ်။ ဥပမာ ကျနော်တို့တိုင်းပြည်က ပြည်သူချစ်တဲ့ စာပေပညာရှင်များဖြစ်ကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ လူထုဒေါ်အမာ အစရှိတဲ့ စာပေပညာရှင်တွေရဲ့ မွေးနေ့ပွဲတွေ၊ သေဆုံးတဲ့နေ့တွေကို စစ်အစိုးရက အလေးအနက်မထားပေမဲ့ ပြည်သူတွေကတော့ ထူးခြားလေးနက်တဲ့ အဓိပ္ပာယ်ကိုဆောင်တဲ့နေ့များအဖြစ် သဘောထားသတ်မှတ်ပြီး တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။
အခုလည်းပဲ ၁၉၃၄-ခုနှစ်မှာ မွေးဖွားခဲ့တဲ့ နိုင်ဂျီးရီးယားကဗျာဆရာ ပြဇာတ်ရေးဆရာ “ဝိုးလ်ဆိုရင်ကာ” ကိုလည်း နိုင်ဂျီးရီးယားပြည်သူတွေက အလေးအနက်ထား လေးစားကြ ချီးမွမ်းကြ ဂုဏ်ပြုကြတဲ့သတင်းတွေ ကျေနာ်တို့ ကြားနေရတာမို့ အားတက် လေးစားမိပါတယ်။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
ကိုးကား။ ။ ၁- စာပေအနုပညာရှင်များနှင့် စကားပြောခြင်း (လေးကိုတင်)
၂- MODERN AFRICAN POETRY
၃- POEMS OF BLACK AFRICA
( ၁ )
သူနှင့် စတင်သိရှိစဥ်က ၁၉၇၃ ခုနှစ်ဝန်းကျင် ဖြစ်မည်။
မေးရိုးကားကား ညာဘက်ပါးပေါ်တွင် ထင်ရှားသည့် မှည့်တစ်လုံး။ စကားပြောလျှင် ခေါင်းကို မသိမသာ ညိတ်ပြီးပြောတတ်သူ။ အသံခပ်တိုးတိုး။ ကျနော့်အထင် သူက စကားကို ချိန်ဆပြီးမှ ပြောတတ်သူ။ သည်အပြုအမူ သည်အနေအထားမှာ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလများ၌ မီဒီယာများနှင့် ခပ်စိပ်စိပ် ထိတွေ့လာရသည့် အချိန်များတွင် ပို၍သိသာထင်ရှားလာခဲ့၏။
သည်အပြောအဆို သည်လိုဟန်ပန်ကြောင့်လည်း သူ့ကို ပျော့ညံ့သူ မပြတ်သားသူအဖြစ် မြင်ကြသူ တချို့ ရှိခဲ့၏။
တကယ်တော့ လူတချို့ ထင်သလို မဟုတ်ပါ။ သူသည် နှစ် ၄၀ ကျော်ကာလအတွင်း စစ်ဝါဒီအုပ်စုအပေါ် ရပ်တည်ချက် ပြတ်သားစွာ ဆန့်ကျင်သူ၊ စစ်ဝါဒ ဆန့်ကျင်ရေးအတွေးအမြင် ရှင်းလင်းတိကျသူသာ ဖြစ်သည်။
သူသည်ကား ကဗျာဆရာ မုံရွာအောင်ရှင် ဖြစ်သည်။
( ၂ )
နှစ်ပေါင်း ၂၀ ကျော် ကျနော် ပြည်ပတွင် ရောက်ရှိနေပြီး သူနှင့် မထိမတွေ့ခဲ့ရဘဲ ၂၀၁၂ ခု ပြည်တွင်း ကျနော် ပြန်ရောက်တော့ မုံရွာအောင်ရှင်က NLD ၏ အမာခံခေါင်းဆောင်တစ်ဦး ဖြစ်နေပြီ။ သူ အလုပ်လုပ်ရာ ဒီလှိုင်းဂျာနယ်တိုက်ကို ကျနော် သွားခဲ့သည်။ သူ့ကို နဂိုဟန်ပန်အတိုင်း ခပ်အေးအေး ခပ်တွေးတွေးဆဆဟန်ဖြင့်ပင် မပြောင်းမလဲ တွေ့ရ၏။
သူနှင့် ကျနော် ဆရာဦးဝင်းတင်ဆီ အတူသွားကြသည်။ အတူထိုင်ပြီး စကားပြောကြသည်။
ထိုစဥ်က သူနှင့် ကျနော်မှာ အလုပ်ချင်း မတူကြ။ သူက NLD တွင် ခေါင်းနှစ်ပြီး အလုပ်လုပ်နေသည့် စစ်ဝါဒဆန့်ကျင်ရေးသမား နိုင်ငံရေးခေါင်းဆောင်။ ကျနော်ကမူ သတင်းစာဆရာ။
သူနှင့်မူ နောက်ပိုင်း၌ ထုံ့ပိုင်းထုံ့ပိုင်းသာ တွေ့မိသည်။ တွေ့ရသည့် ယင်းအချိန်အနည်းငယ် အတွင်းမှာပင် သူ့ပါတီတွင်းပြဿနာများနှင့် မိုးဝေစာပေမဂ္ဂဇင်း ခေတ်ကာလအကြောင်းများကိုသာ ကြားခဲ့ရ၊ ပြောခဲ့ရ၏။
သူသည် အတောင်အလက်စုံသည့် နိုင်ငံရေးငှက်တစ်ကောင် ဖြစ်လာနေသည့်တိုင် ကျနော်ကမူ သူ့ကို ကဗျာဆရာတစ်ယောက်အနေဖြင့်သာ မြင်နေမိသည်။ မြင်ချင်နေသည်။ သူ့ပါတီတွင်း ကိစ္စများကြား နိုင်ငံရေးအကြောင်းအရာများထက် မြန်မာကဗျာ ဖြစ်ပေါ်ပြောင်းလဲမှုများ အကြောင်းကို ပိုပြီးပြောချင်နေခဲ့၏။ ပြောလည်း ပြောခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ့ကို ကျနော်က နိုင်ငံရေးသမားထက် ကဗျာဆရာဘက် ပို၍ တိမ်းညွှတ်စေချင်သောကြောင့် ဖြစ်သည်။
( ၃ )
၁၉၉၅ ခုနှစ်က ဖြစ်မည်။ သူ ပထမအကြိမ် အဖမ်းခံရစဥ်က ကျနော့်မှာ စိတ်ထဲ ရှက်နေမိသေးသည်။ သူနှင့်အတူ မြေအောက်စာအုပ်စာတမ်းတွေ မြေအောက်စာပေလှုပ်ရှားမှုတွေ ပူးပေါင်းပြီး လုပ်နေပါလျက် သူ့ကိုသာဖမ်းပြီး ကျနော့်ကိုကျ မဖမ်းဘဲ ချန်ထားခဲ့သည်ကို တွေးကာ မခံမရပ်နိုင် ဖြစ်ရသေးသည်။ တကယ်တော့ သူသည် ကျနော့်ထက် ပိုမိုထိရောက်သော မြေအောက်လုပ်ငန်းများ လုပ်ကိုင်နေခဲ့သည်ကို ကျနော် မသိခဲ့။ နောင်မှသာ တဖြည်းဖြည်း သိလာရခြင်း ဖြစ်သည်။
သူသည် ပုဂ္ဂိုလ်အရကိုယ်၌က ကျနော်နှင့် ရင်းနှီးနေသည့်တိုင် နိုင်ငံရေးကိစ္စများတွင် ကျနော့်ကို ဘယ်နေရာ ဘယ်အနေအထားတွင် ထားရမည်ကို သိနေသည်ဟု ကျနော် တွေးမိသည်။ တခါက ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတချို့ကို သူပဲ ခေါင်းဆောင်ကာ ပဲခူးတွင် နေထိုင်သည့် ကျနော့်ထံ ရောက်လာ၏။ ထိုစဥ်က ပဲခူးရိုးမ တောတွင်းတနေရာတွင် ဖမ်းမိကာ ညောင်လေးပင်တွင် ရုံးထုတ်သည့် လက်နက်ကိုင်တော်လှန်ရေးသမား ၁၁ ယောက်ကို သွားရောက် အားပေးရန် ကျနော့်ကို ဝင်ခေါ်ခြင်းဖြစ်၏။
ညောင်လေးပင် တရားရုံးထဲ ရုံးထုတ်စစ်ဆေးမည်ရှိစဥ် တရားခံများ တန်းစီထိုင်နေရာ ခုံတန်းမှ ကိုစံဦး (နောင်အခါ NLD ဗဟိုကော်မတီဝင် ကျောက်တံခါးမြို့နယ်ဥက္ကဋ္ဌဖြစ်လာသူ)က ရုတ်တရက် ထရပ်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်ထူထောင်သည့်မွေးနေ့ဖြစ်ကြောင်း ပြောပြီး ‘တရားခံအားလုံး ထလော့၊ အငတ်ဘေးကျရောက်နေသူတွေ ထလော့… ထလော့ အဖိနှိပ်ခံ ပြည်သူတွေ ထလော့…’ အစချီ နိုင်ငံတကာသီချင်းကို ဝိုင်းဆိုကြ၏။ တရားသူကြီးနှင့် ရဲများ ပျာယာခတ်နေစဥ် ကိုအောင်ရှင်နှင့် ကျနော်တို့လူသိုက်လည်း အခန်းထဲမှ အမြန်ထွက်လာခဲ့ကြရ၏။ နောင်အခါ ကိုစံဦးတို့တသိုက် ထောင် ၅ နှစ်စီ ကျသွားကြသည်ဟု ကြားရ၏။
ကျနော်နှင့် မုံရွာအောင်ရှင်၏ ဆက်ဆံရေးအနေအထားမှာ ကျနော့်ထက်လည်း အနည်းငယ် ကြီးသည့်အတွက် ငယ်စဥ်ကဆိုလျှင် စာအုပ်စာတမ်း ရွေးချယ်ဖတ်ရာကအစ သူကသာ ဦးဆောင် ကူညီခဲ့ရသည်သာ များပါသည်။
ကျနော် သတင်းစာဆရာဘဝမှ အပြီးအပိုင် နုတ်ထွက်ပြီး စာရေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပန်းချီဆွဲခြင်း အလုပ်များဖြင့် ကျင်လည်နေစဥ် သူနှင့်ကျနော် ဖုန်းဖြင့်သာ စကားမကြာခဏ ပြောဖြစ်သည်မှလွဲ၍ လူချင်းမဆုံဖြစ်တော့ပါ။ သူသည်လည်း သူ့နိုင်ငံရေးမုန်တိုင်းများအတွင်း၌ ယခင်ကထက်ပိုပြီး ရင်ဆိုင်ဖြတ်သန်းလာနေရသည်ကိုတော့ ကြားနေ၊ မြင်နေခဲ့ရ၏။
နောက်တော့ စစ်တပ်မှ အာဏာသိမ်းပြီး အစောဆုံးအဖမ်းခံရသည့် NLD ခေါင်းဆောင်များထဲ သူ ပါဝင်လာရ၏။
သူ အဖမ်းခံထားရစဥ် သူ့အကြောင်း မကြာခဏ တွေးမိနေပြန်သည်။ ပြီးတော့ သူသည် အသက်အရွယ် ရလာခဲ့ပြီလည်း ဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြမ်းတမ်းပြီး အပြောင်းအလဲ မြန်ဆန်လှသည့် သမိုင်းလမ်းကြောင်းပေါ် ရာစုနှစ်တဝက်ကျော် သူ ဖြတ်သန်းလာခဲ့ရသည်ကို အတိုင်းအတာတစ်ခုအထိ သိထားသည်မို့ သူ့အတွက် စိတ်ပူမိသည်။
နောက်တော့ သူ ထောင်က လွတ်လာပြန်သည်။ လွတ်လာလာချင်း မီဒီယာများနှင့် တွေ့သည်ကို မကြားရ။ ကျန်းမာရေးကြောင့်နှင့် တစ်စုံတရာ အပြောအဆို ထိန်းရမည်ရှိသဖြင့်သာ သူ့အသံကို ခပ်ကျယ်ကျယ် မကြားရခြင်းဖြစ်မည်ဟု တွေးသည်။
၂၈၊ ၁၁၊ ၂၀၂၁ နေ့တွင်တွင်မူ မုံရွာအောက်ရှင် ရုတ်တရက် ကွယ်လွန်ကြောင်း ကြားလာရ၏။ ကြားကြားချင်း သူ့အတွက် စိတ်မကောင်းဖြစ်မိသော်လည်း သူ၏ တမောတပန်း လျှောက်လှမ်းလာခဲ့ရသည့် ဘဝခရီးကြမ်းကြီးကို တွက်ဆကာ သူ့အတွက် ပင့်သက်ချမိသည်။
သူသည်ကား တကယ့်နိုင်ငံရေးသတ္တဝါ ဖြစ်သည်။ မုန်တိုင်းထန်လွန်းသည့် ပင်လယ်ပြင်ကြီးပေါ် ခရီးမိုင်များစွာ ဖြတ်ပျံလာနေသည့် မုန်တိုင်းပျော် ငှက်တစ်ကောင်လည်း ဖြစ်သည်။
သူကလည်း သူ့ကိုသူ စစ်ဝါဒမုန်းတီး ဆန့်ကျင်ရေးသမားအဖြစ်သာ သူ့ဘဝကို ထုဆစ်လိုဟန် ရှိပါသည်။ မုန်တိုင်းပျော် ငှက်တစ်ကောင်အဖြစ်ထက် ပိုကြီးတဲ့ ရည်မှန်းချက် ထားရှိခဲ့ဟန် မတူပါ။
ထို့ကြောင့် သူ့ကို ကျနော် အလေးနီပြုလိုက်ပါသည်။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)