စပိန်နိုင်ငံတောင်ပိုင်း ကိုစ်တာ-ဒလ်-ဆိုလ် မူးယစ်ဆေးဝါးဂိုဏ်းနဲ့ ဆက်စပ်မှုရှိပြီး စားသောက်ဆိုင် တွေမှာ တန်ဖိုးကြီး ဗော့ဒ်ကာအရက် ရောင်းချခြင်းကို ဟန်ပြလုပ်ကိုင်နေတဲ့ ဥရောပရဲ့အကြီးဆုံး ငွေကြေးခဝါချမှု ဂိုဏ်းတခုရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးမိခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
ဂိုဏ်းရဲ့ထိပ်တန်းခေါင်းဆောင်လည်းဖြစ်၊ စပိန်မှာ လှုပ်ရှားမှုခေါင်းဆောင်လည်းဖြစ်တဲ့ ဂျွန်-ဖရန်စစ်-မော်ရစ်ဆေးဟာ စက်တင်ဘာ ၁၂ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို ပြောပါတယ်။
ဖမ်းမိတာ စပိန်မှာ ၃ ယောက်၊ အင်္ဂလန်မှာ ၁ ယောက် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"Whitewall" လို့ လူသိများတဲ့ နိုင်ငံတကာ ယူရိုပိုလ် စစ်ဆင်ရေးအတွင်း ဂိုဏ်းကို ဖျက်သိမ်းခဲ့ကြောင်း သူတို့က ပြောပါတယ်။
မော်ရစ်ဆေးဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား လှုပ်ရှားနေတဲ့ အိုင်ယာလန် "Kinahan Clan" အဖွဲ့နဲ့ အဆက်အသွယ်ရှိပြီး ရာဇ၀တ် အဖွဲ့အစည်းတွေဆီက ငွေအမြောက်အမြား ကောက်ယူဖို့ ရည်စူးထားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ယူကေ အမျိုးသားရာဇ၀တ်မှု အေဂျင်စီ၊ အိုင်ယာလန် အမျိုးသားရဲတပ်ဖွဲ့၊ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့၊ ဒတ်ခ်ျ ရဲတပ်ဖွဲ့နဲ့ ယူရိုပိုလ် ရဲ့ ဘဏ္ဍာရေးနဲ့စီးပွားရေးဆိုင်ရာ ရာဇ၀တ်မှုတပ်ဖွဲ့ တို့မှ ပံ့ပိုးပေးတဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးမိခဲ့တာပါ။