close

ငွေကြေးနှင့်ရွှေထည်များ ယူဆောင်

close

December 23, 2021

တန့်ဆည်တွင် စစ်တပ်က နေအိမ်တစ်လုံးကို ဖျက်ဆီးပြီး ငွေကြေးနှင့်ရွှေထည်များ ယူဆောင်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာမှာ စစ်ကောင်စီက နေအိမ်တစ်လုံးကို ဝင်ရောက်ဖျက်ဆီးပြီး ငွေကြေး သိန်း ၃၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီက လိပ်ခြံကျေးရွာကို အင်အား ၇၀ လောက် နေရာအနှံ့ ချထားခဲ့ပြီး ရဟတ်ယာဉ် ၅ စီးနဲ့ ပစ်ခတ် စီးနင်းတာကြောင့် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ  ဒီဇင်ဘာ ၂၂ ရက်နေ့ လိပ်ခြံကျေးရွာအတွင်းက ပြန်လည်ထွက်ခွာသွားရာမှာ ကျေးရွာနေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတာလို့ ဆိုပါတယ်။

ကျေးရွာဒေသခံတစ်ဦးက “တန့်ဆည်မြို့နယ် လိပ်ခြံကျေးရွာ နေအိမ် တစ်အိမ်ကို စစ်တပ်က ဖျက်ဆီးထားခဲ့ပါတယ်။ အဲဒီ အိမ်က ငွေသား ၃၀ သိန်းကျော်နဲ့ ရွှေတွေလည်းပါသွားတယ်လို့ သိထားရတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက်ကိုတော့ မသိရသေးဘူး “လို့ ပြောပါတယ်။

လိပ်ခြံကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော် ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

လိပ်ခြံကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေ ရဟတ်ယာဉ်နဲ့ စီးနင်း ဝင်ရောက်စဉ်မှာ နေအိမ် ဘယ်နှလုံး ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေရဲ့ အခြေအနေကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံအများစုဟာ မိမိတို့ နေအိမ်ကို မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကလည်း  ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာ ၆ ခုကို စစ်ကောင်စီက ရဟတ်ယာဉ် နဲ့ အင်အားအများအပြားသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာလည်း စစ်ကောင်စီတွေက ကာပေါင်းကျကျေးရွာအနီး လျှော်ဖြူခြံအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Photo taze စွန်ရဲ

48 seconds Ago
Up