အာဂျင်တီးနားနိုင်ငံမှာ ငွေကြေးဖောင်းပွမှု ၆၀ ရာခိုင်နှုန်းကျော်လောက်ထိ ရှိလာတာကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဇွန် ၁၆ ရက်က မြို့တော် ဗျူနိုအေးရီးစ်ရဲ့ မိန်းလမ်းမကြီးတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
သူတို့ဟာ လူမှုရေးအစီအစဉ်တွေ၊ နိုင်ငံတော်အကူအညီနဲ့ ပိုကောင်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်လက်မဲ့တွေနဲ့ နိုင်ငံတော်အထောက်အပံ့ ရရှိထားတဲ့ အာဂျင်တီးနားလူမျိုးတွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ချီတက်ခဲ့ကြပြီး ဝန်ကြီး Juan Zabaleta နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပါတယ်။
ကြွေးကြော်သံတွေနဲ့ တေးသီချင်းတွေကြားမှာ ဆန္ဒပြသူတွေဟာ ငတ်မွတ်မှုနဲ့ လစာနည်းပါးမှု အဆုံးသတ်ရေး တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။
အမေရိကန် ဖက်ဒရယ်ရန်ပုံငွေရဲ့ အတိုးနှုန်းမြင့်မားမှုနဲ့ တောင်အမေရိကနိုင်ငံမှာ ၆၀ ရာခိုင်နှုန်းကျော် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကို တွန်းလှန်နေတာကြောင့် အာဂျင်တီးနားဗဟိုဘဏ်ဟာ သူ့ရဲ့စံနှုန်းထားရှိတဲ့ အတိုးနှုန်းကို ဇွန် ၁၆ ရက်က သုံးနှစ်အတွင်း အမြင့်ဆုံး တိုးမြှင့်ခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်လာပြီးနောက် ရေနံဈေးတွေ မြင့်တက်လာတာနဲ့အတူ ငွေကြေးဖောင်းပွမှုဟာ ကမ္ဘာ့နိုင်ငံတချို့မှာ အစားအစာကနေ ဝန်ဆောင်မှုတွေအထိ စျေးနှုန်းတွေ ြမင့်တက်လာပါတယ်။
အဓိက ဆန်တင်ပို့သူဖြစ်တဲ့ အာဂျင်တီးနားဟာ ကုန်ခန်းသွားတဲ့ နိုင်ငံခြားအရန်ငွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတာပါ။
အာဂျင်တီးနားမှာ မေလတလတည်းမှာပဲ စျေးနှုန်းတွေက ၅ ဒသမ ၁ ရာခိုင်နှုန်း တက်လာပြီး အများစုဟာ အခုနှစ်မှာ ငွေကြေးဖောင်းပွမှု ၇၀ ရာခိုင်နှုန်းအထက်ကို ရောက်ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆိုးရွားလာတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် လက်ထဲမှာရှိတဲ့ ငွေကြေးတန်ဖိုး ကျဆင်းလာတာကို ရင်ဆိုင်နိုင်ဖို့အတွက် သက်ကြီးရွယ်အိုတွေအနေနဲ့ မရှိမဖြစ်တဲ့ လူသုံးပစ္စည်းတွေကို လျှော့ပြီး သုံးစွဲနေကြရကာ ရပ်တည်ရှင်သန်ရေးအတွက် ခက်ခဲနေကြပါတယ်။
ငွေကြေးဖောင်းပွမှုဟာ ဧပြီလမှာ ရှစ်နှစ်တာအတွင်း အမြင့်ဆုံးဖြစ်တဲ့ ၇ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဘဏ်အပ်ငွေတွေရဲ့ ပျမ်းမျှအတိုးနှုန်းကတော့ သုံးနှစ်အတွင်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒီအခြေအနေကြောင့် ပင်စင်စား သက်ကြီးရွယ်အိုတွေဟာ ဘဏ်ထဲက သူတို့ငွေကြေးတွေကို စွန့်စားရတဲ့ အစုရှယ်ယာတွေနဲ့ အကျိုးတူရန်ပုံငွေတွေထဲကို လွှဲပြောင်းလုပ်ဆောင်ကြတာမျိုးတွေ ရှိလာခဲ့ပါတယ်။
ဒေလီက အသက် ၆၀ အရွယ်ရှိတဲ့ ဂေါတမ်ဒတ်တားနဲ့ သူ့ဇနီး ဆူမစ်တာရွိုင်း တို့ဟာလည်း အခြားသူတွေနည်းတူ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခံနေရပါတယ်။ သူတို့လက်ထဲမှာရှိတဲ့ ငွေတန်ဖိုး ကျသွားတာကြောင့် ကုန်တိုက်တွေသွားတာ၊ ဈေးဝယ်တာတွေကို အရင်ကလို မလုပ်နိုင်ကြတော့ပါဘူး။
ပင်စင်စားတဦးဖြစ်တဲ့ ဆူမစ်တာရွိုင်းက “အရင်ကတော့ ကျမ သွားသွားလာလာဆိုရင် စကူတာဆိုင်ကယ်လေး စီးပါတယ်။ ခုလို စက်သုံးဆီတွေ တအားတက်လာတော့ ကျမ မစီးနိုင်တော့ဘူး။ ဒီမှာတော့ အများစုက လမ်းလျှောက်ရင်လျှောက်၊ ဒါမှမဟုတ်ရင်လည်း အများသုံးယာဉ်လိုင်းတွေကို စီးပြီး သွားလာနေကြပါတယ်” လို့ ပြောပါတယ်။
ဂေါတမ်ဒတ်တားဟာ တချိန်က စိန်ကုန်သည်တဦးဖြစ်ပြီး သူ့အမျိုးသမီး ဆူမစ်တာကတော့ အိန္ဒိယရဲ့ လုပ်ငန်းစုကြီးဖြစ်တဲ့ တာတာသံမဏိကုမ္ပဏီဝန်ထမ်း ဖြစ်ပါတယ်။ ခုအခါမှာတော့ အမျိုးသမီးဖြစ်သူရဲ့ ပင်စင်လစာငွေ တခုတည်းနဲ့ သူတို့နှစ်ဦး ရပ်တည်နေရပါတယ်။ ကုမ္ပဏီကရတဲ့ ပင်စင်ငွေဆိုတာကလည်း လာမယ့်နှစ်တွေမှာ လျော့နည်း ရပ်တန့်သွားဖို့ ရှိတာကြောင့် သူတို့ ၂ ဦးဘဝဟာ ဘဏ်ထဲမှာရှိတဲ့ စုဆောင်းငွေလေးနဲ့ပဲ ရပ်တည်သွားရဖို့ ရှိပါတယ်။
"ကုန်စုံဆိုင်ကနေ လောင်စာဆီအထိ၊ မရှိမဖြစ် ပစ္စည်းတိုင်းရဲ့ ဈေးနှုန်းက တက်သွားတယ်။ ဒါပေမဲ့ အခက်အခဲတွေ မကြုံရအောင် ကျနော်တို့သုံးစွဲနေတဲ့ အရာတွေကို စဉ်းစားဖို့ ကြိုးစားတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း သတိထားရမယ်။ ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာ" လို့ တချိန်က စိန်ကုန်သည်လုပ်ခဲ့တဲ့ ဂေါတမ်ဒတ်တားက ပြောပါတယ်။
ဒီလို စီးပွားရေးကျပ်တည်းတဲ့ဒဏ်ကို ဒတ်တားတို့တွေတင် ခံရတာမဟုတ်ဘဲ အိန္ဒိယ တနိုင်ငံလုံးက ပြည်သူအများစုကြီး ခံစားနေရတာပါ။ အထူးသဖြင့် ပင်စင်လစာငွေနဲ့ ဘဏ်စုငွေပေါ်မှာ မှီခိုနေရတဲ့ သက်ကြီးရွယ်အိုတွေက ပိုပြီးခံရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေကစလို့ တရိပ်ရိပ်တက်လာတဲ့ ဟင်းသီးဟင်းရွက်၊ စက်သုံးဆီနဲ့ အခြား လူသုံးကုန်ဈေးနှုန်းတွေကြောင့် လူတွေရဲ့ လစဉ်သုံးစွဲငွေဟာ အရင်ကထက် ၂၀ ရာခိုင်နှုန်း ပိုသုံးလာရပါတယ်လို့ သက်ကြီးရွယ်အို ၄၀၀ ကို စောင့်ရှောက်မှုပေးနေတဲ့ ဒေလီအခြေစိုက် ဘိုးဘွားရိပ်သာသုံးခုရဲ့ တာဝန်ခံ ဆူရတ်ဘာဂတ်က ပြောပြပါတယ်။
"သာမန်လူတန်းစားတွေအနေနဲ့ ပန်းသီးတလုံးဝယ်စားဖို့ မလွယ်တော့ဘူး။ ပန်းသီးက ဈေးကြီးတဲ့ အဖိုးတန်စားကုန် ဖြစ်လာပြီ။ အသီးအနှံမှန်သမျှက ဈေးကြီးတာချည်းပဲ။ ဝင်ငွေရှိတဲ့ လူငယ်ပိုင်းတွေတောင်မှ ဒီလိုသီးနှံမျိုးတွေ ဝယ်မစားနိုင်တော့ဘူး။ ဝင်ငွေမရှိတဲ့ သက်ကြီးပိုင်းတွေ ပိုဆိုးပြီပေါ့ဗျာ။"
ဒီလိုအခြေအနေတွေ ကြုံနေရပေမဲ့လည်း အာရန်ကူးမားလို စီးပွားရေးပညာရှင်တွေကတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ်လို့ ပြောပါတယ်။
"လောင်စာစွမ်းအင်ဆိုင်ရာ အခြေခံ လူသုံးရင်းမြစ်တွေကို အခွန်တင်းကျပ် ကောက်ခံမှုဟာ အခြားဈေးနှုန်းအားလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အစိုးရအနေနဲ့ လောင်စာစွမ်းအင် ဈေးနှုန်းတွေ လျှော့ချပေးနိုင်မယ်ဆိုရင် တခြား လူသုံးကုန်ဈေးတွေလည်း ကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုလည်း သက်သာလာမှာပါ။"
ဂျုံ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားနဲ့ လက်ဖက်ခြောက်ဈေးနှုန်းတွေဟာ တနှစ်အတွင်းမှာ ၁၀ ရာခိုင်နူန်းကနေ ၂၅ ရာခိုင်နူန်းအထိ ဈေးတက်ခဲ့ပြီး စားသုံးဆီနဲ့ စက်သုံးလောင်စာဆီ ဈေးနှုန်းတွေကတော့ ၄၀ ရာခိုင်နှုန်းအထိအောင် မကြုံစဘူး မြင့်တက်ခဲ့ပါတယ်။
မတ်လမှာကုန်ဆုံးမယ့် ၂၀၂၀/၂၀၂၁ ဘဏ္ဍာနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်းစုငွေစုနှုန်းဟာ အမျိုးသားအသားတင်ထုတ်လုပ်မှု GDP ရဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ကိုဗစ်မဖြစ်ခင်က ၃၂ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တာပါ။
အိန္ဒိယနိုင်ငံက သက်ကြီးရွယ်အိုတွေဟာ ဘဏ်ထဲက သူတို့စုငွေလေးတွေ မလျော့ပါးအောင် နည်းမျိုးစုံ ကြံဆစဉ်းစားနေကြရပြီ ဖြစ်ပါတယ်။