ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စစ်ဘေးရှောင် ကလေးငယ်တွေအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ Migrant ကျောင်းတခုဖြစ်တဲ့ Kwe Ka Baung ကို ဇွန် ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
အဆိုပါ Kwe Ka Baung ကျောင်း (ကရင်ဘာသာဖြင့် ဇွဲကပင်ဟု အမည်ရသည်) ကို ဖားအံမြို့ဖွား ကရင်လူမျိုး အဖိုးမန်းဗလစိန်က ၁၉၈၆ ခုနှစ်မှာ ထိုင်းဘုန်းတော်ကြီးတပါးရဲ့ ကူညီစောင့်ရှောက်မှုနဲ့ စတင်တည်ထောင်ခဲ့တာပါ။
ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၊ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ကလေးငယ်တွေ ပညာရေးနဲ့ ဝေးကွာပြီး ဆင်းရဲဒုက္ခဖြစ်မှာကို စိုးရိမ်တာကြောင့် တည်ထောင်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
Kwe Ka Baung ကျောင်းမှာ KG တန်းမှ Grade 12 အထိ ကျောင်းသား ကျောင်းသူပေါင်း ၂၅၆ ဦး တက်ရောက် ပညာသင်ကြားနေပြီး စေတနာ့ဝန်ထမ်းလုပ်အားပေးတွေနဲ့ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ CDM ဝန်ထမ်း ဆရာ/ဆရာမ ၃၂ ဦးက ပညာသင်ကြားပေးနေပါတယ်။ ကူညီထောက်ပံ့မယ့် အလှူရှင်အခက်အခဲရှိတာကြောင့် ဆရာ/ဆရာမတွေကို လုပ်ခ လစာအအနေနဲ့ သတ်မှတ်ပေးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ကျောင်းသင်ရိုးညွှန်းတမ်းအား မြန်မာသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားနေပြီး ထိုင်းဘာသာစကား၊ စကောကရင်ဘာသာစကားနဲ့ ပိုးကရင်ဘာသာစကားကိုပါ ဖြည့်စွက်သင်ကြားပေးနေပါတယ်။
ကျောင်းဝတ်စုံမှာ တနင်္လာနဲ့ သောကြာနေ့တွေ အနီရောင် ကရင်ဝတ်စုံကို ဝတ်ဆင်ရပြီး ကရင်လူမျိုးတွေကို ချစ်ခင်တဲ့ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံအား ကိုယ်စားပြုတဲ့ ခရမ်းရောင်ဝတ်စုံနဲ့ ကျန်နှစ်ရက်မှာတေ့ ထိုင်းအစိုးရကျောင်း ယူနီဖောင်း အဖြူ/ပြာ ဝတ်စုံအားသတ်မှတ်ထားပါတယ်။
Kwe Ka Baung ကျောင်းမှာ လက်ရှိ သင်ထောက်ကူပစ္စည်း၊ ဖတ်စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာ ထောက်ပံ့မှုတွေ လိုအပ်နေပြီး ကျောင်းအိပ်၊ ကျောင်းစား နေထိုင်သူ ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေအတွက် ရေချိုးကန်နဲ့ သန့်စင်ခန်း ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခရိုင်မှာ ရွှေ့ပြောင်းဒေသပညာရေးကျောင်း ၆၄ ကျောင်းရှိပြီး Kwe Ka Baung လည်း တခုအပါအဝင်ဖြစ်ပါတယ်။
အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်မှာ ရှိတဲ့ ဝန်ဖိုက်ဒီရေတောအတွင်း ထင်းခုတ်ယူသုံးစွဲမှုတွေများလာတာကြောင့် ပြုန်းတီးလာနေပြီး ရေရှည်ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်ဖို့ ငွေကြေး အခက်အခဲရှိနေတယ်လို့ ဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
ဝန်ဖိုက်ကြိုးဝိုင်းဟာ ၂ နှစ်၊ ၃နှစ်အတွင်းမှာ အင်မတန် ယိုယွင်းပျက်စီးလာနေတာလို့ ဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေးအဖွဲ့ရဲ့ အလုပ်အမှုဆောင် ကိုချစ်လွင်က ပြောပါတယ်။
“ဒီလိုယိုယွင်းပျက်စီးနေတာကို မြင်နေရတဲ့အတွက် ဒီကြိုးဝိုင်းကိုသာလက်လွှတ်ပြီးတော့ ဒီအတိုင်းထားလိုက်မယ်ဆိုရင် မျိုးတုံးပျက်စီးသွားမှာကို မြင်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီရေတောထိန်းသိမ်းရေးကော်မတီ ၁ ခု ဖွဲ့စည်းရခြင်းဖြစ်တယ်။ ဒီရေတော ထိန်းသိမ်း စောင့်ရှောက်ရေးအသင်းမှာ အဓိကလိုအပ်တာက ငွေကြေးပေါ့၊ အခုလောလောဆယ်မှာလည်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကိုယ်ထူကိုယ်ထ စနစ်နဲ့ လုပ်နေရတဲ့အခါမှာ ရေရှည်ကို ကြည့်လိုက်မယ်ဆိုရင် ငွေကြေးက အဓိကလိုအပ်မယ်လို့ ကျနော်တို့မြင်ပါတယ်။”
ဝန်ဖိုက်ဒီရေတောကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ဒေသခံတွေစုဖွဲ့ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတာလို့ ဝန်ဖိုက်ဒီရေတောကာကွယ်ထိန်းသိမ်းရေအဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ဦးမောင်လေးက ပြောပါတယ်။
“အခုလက်ရှိအနေအထားကတော့ နည်းနည်းယိုယွင်းပျက်စီးနေတာကို တွေ့နေရပါတယ်၊ ဒေသခံ တွေကလည်း နည်းနည်းစိုးရိမ်ကြပြီးတော့ အခုကတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကိုတော့ ပြန်ပြီးအကောင်အထည်စဖော်တဲ့ အချိန်ကျနေတာပေါ့။ လက်ရှိ လိုအပ်ချက်က ကျနော်တို့ဒေသခံတွေမှာတော့ လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူလယ်သမား တွေဆိုတော့ သူတို့ရဲ့သွားရေး၊ လာရေးလမ်းစရိတ်တွေနဲ့၊ ဟွန်ဒါစရိတ်တွေ၊ စက်လှေစရိတ်တွေ ဒါတွေကတော့လိုအပ်တာပေါ့၊ မိမိဒေသရဲ့အကူအညီနဲ့ပဲ လုပ်ကိုင်နေရတာပေါ့၊ နိုင်ငံတော်က ပံ့ပိုးငွေတွေနဲ့ မဟုတ်ဘူးပေါ့” လို့ ပြောပါတယ်။
ဝန်ဖိုက်ဒီရေတောကြိုးဝိုင်းဟာ ဧရိယာ ၅၆၆၃၃ ဧက အကျယ်အဝန်းရှိပြီး အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး ဒီရေတော ၁ ခုဖြစ်ကာ ပြီးခဲ့တဲ့ ၃ နှစ်ကစတင်ပြီး ဒီရေတောကနေ ထင်းခုတ်ယူသုံးစွဲလာတဲ့အတွက် ဝန်ဖိုက်ဒီရေတောရဲ့ ၇၅ ရာခိုင်နှုန်းလောက် ပြုန်းတီးလာတယ်လို့ ဆိုပါတယ်။
ဒီရေတောတွေပြုန်းတီးသွားမှာကို စိုးရိမ်တဲ့အတွက် ဒေသခံတွေစုဖွဲ့ကာ ဝန်ဖိုက်ဒီရေတော ကာကွယ်ထိန်းသိမ်းရေးအဖွဲ့အဖြစ်ဖွဲ့စည်းပြီး ဒီရေတောတွေကို ကာကွယ်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။