မြန်မာကျပ်ငွေ စက္ကူအတုတွေကို အာမခံချက်တွေနဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုပြီး အရောင်းအဝယ်ဖြစ်နေပြီး ငွေအတုကို ပြန်လည်ဖြန့်ဖြူးဖို့အတွက် ဝယ်သူသုံးစွဲသူတွေ ရှိနေပါတယ်။
ငွေစက္ကူတုကို ထိုင်းနိုင်ငံက စက်နဲ့ ၉၈ ရာခိုင်နှုန်းအထိ အစစ်နီးပါးတူအောင် ပြုလုပ်ထားပြီး သုံးစွဲသူကိုယ်တိုင် ထုတ်မပြောလျှင် အတုမှန်းမသိနိုင်အောင် ထုတ်လုပ်ထားသလို ငွေစက္ကူနံပါတ်တွေကိုလည်း တစ်ရွက်နဲ့ တစ်ရွက် မထပ်အောင် ထုတ်လုပ်ထားတယ်လို့ ငွေစက္ကူအတု အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။
လက်ရှိ ငွေတုပေါက်ဈေးကတော့ ငွေတု ကျပ် ၆ သိန်းကို ၅ သောင်း၊ ငွေတု ၁၂ သိန်းကို ၁ သိန်းကျပ်နဲ့ wave money နဲ့ ရောင်းချပြီး ကားဂိတ်တွေကတဆင့် ပို့ဆောင်ပေးကာ ငွေအတုတွေကို ဘဏ်တွေကလွဲလို့ တခြားနေရာတွေမှာ သုံးစွဲလို့ရတယ်လို့လည်း ပြောပါတယ်။
ငွေအတုအများကြီးကို လက်ဝယ်ကိုင်ဆောင်ပြီး ဘဏ်ကိုငွေသွင်းတာ၊ ငွေလွှဲတာအပြင် ကိုင်ဆောင်တဲ့သူကို ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး ငွေအတု တစ်ရွက် နှစ်ရွက်လောက်ပါခဲ့ရင် အပေါက်ဖောက် ဖျက်ဆီးပြီး ဘဏ်က သိမ်းဆည်းထားတယ်လို့ မြန်မာ့စီးပွားရေးဘဏ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ် ပျဥ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ထိုးမုန့်ဘူးတွေအတွင်း ငွေစက္ကူအတု ကျပ် သိန်း ၅၀ နဲ့အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးငယ်တယောက်ဟာ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက Wave Money ဆိုင်မှာ ငွေသွားလွှဲရာမှာ ကျပ် ၁၀,၀၀၀ တန်အတုတွေဖြစ်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အမှတ် ၁၁ ရပ်ကွက်၊ စံပယ်လမ်း၊ လိုင်းခန်းတခုမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ဟာ မိဘနေမကောင်းလို့ ငွေသွားလွှဲရာမှာ ကျပ် ၁၀,၀၀၀ တန် အတုတွေ ဖြစ်နေလို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကလေးမလေးက ငွေဘယ်လောက်သွားလွှဲလဲ မသိဘူး။ အတုက ၂၆ ရွက်ပါတယ်ဆိုပြီး အဖမ်းခံရတာ။ အတုတွေမှန်းသိရင် ဘယ်သူက မှတ်ပုံတင်ယူပြီး သွားလွှဲမှာလဲ။”
ငွေလာလွှဲတဲ့ ၁၀,၀၀၀ တန်ငွေစက္ကူထဲမှာ ၂၆ ရွက်ဟာ ငွေစက္ကူအတုတွေဖြစ်နေလို့ ဆိုင်ရှင်က ရဲစခန်းကို အကြောင်းကြားလိုက်တဲ့အတွက် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ငွေတုပြဿနာကို သေချာမရှင်းနိုင်သရွေ့ မသိနားမလည်တဲ့သူတွေ အခုလို ဒုက္ခရောက်နေမှာပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း ငွေစက္ကူအတုတွေမိတာ အများကြီး။”
ဖမ်းဆီးခံရတဲ့ မိန်းကလေးကို သောင်ကြီးနယ်မြေ ရဲစခန်းက ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်ကလည်း လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ၅ ရပ်ကွက်က လိုင်းခန်းတခုမှာ နေထိုင်တဲ့ စက်ရုံအလုပ်သမားတဦးဟာ လစာထုတ်ပြီး အကြွေးသွားဆပ်ရာ ကျပ် ၁၀,၀၀၀ တန် ငွေအတုနှစ်ရွက် ပါနေလို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ငွေစက္ကူအတုတွေကို ၂၀၂၂ ခုနှစ်က ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။