ထိုင်ဝမ်နိုင်ငံက နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်မင်းသမီး အန်းယူရှင်း (ခ) ချာလီအန်းဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလ ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ခဲ့စဉ် ထိုင်းရဲတွေရဲ့ ငွေညှစ်တာကို ခံခဲ့ရတယ်လို့ သူရဲ့ကိုယ်ပိုင် အင်စတာဂရမ်မှာ ဖော်ပြသလို ထိုင်ဝမ်အနုပညာလောက သတင်းမှာလည်း ဖော်ပြနေပါတယ်။
မင်းသမီးက သူနဲ့ သူ့အပေါင်းအဖော်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် ညသန်းခေါင်ကျော်က အပြင်မှာ သွားရောက်လည်ပတ်ပြီး တည်းခိုရာဟိုတယ်ကို ပြန်လာစဉ် စစ်ဆေးရေးဂိတ်နဲ့တိုးကြောင်း၊ ရဲတွေက သူတို့အိတ်တွေ တောင်းစစ်ပြီး ပတ်စ်ပို့တောင်းကြည့်ရာမှာ သူ့ရဲ့ဗီဇာမှာ ကြိုတင်တောင်းထားတာမဟုတ်ဘဲ VOA လို့ခေါ်တဲ့ ဆိုက်ရောက်ဗီဇာသာဖြစ်လို့ လက်မခံကြောင်း ပြဿနာလုပ်ပြီး အချေအတင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့က ဗွီဒီယိုရိုက်နေတာကိုလည်း ရဲက အတင်းပြန်ဖျက်ခိုင်းကြောင်း၊ နောက်ဆုံး ရဲစခန်းမှာသွားရှင်းဖို့ သဘောတူရာမှာ ရဲ ၃ ယောက်လောက်က ဇာတ်ကြောမရှည်စေချင်ရင် ဘတ် ၂၇,၀၀၀ ပေးဖို့ပြောတာကြောင့် မင်းသမီးကလည်း နောက်နေ့ အိမ်ပြန်ဖို့ ပြင်ဆင်ရမှာမို့ အချိန်ကုန်မခံချင်လို့ ငွေပေးခဲ့ကြောင်း၊ ပုပ်စော်နံတဲ့ ဘန်ကောက်ကြီး နှုတ်ဆက်လိုက်ပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
သူအခုလိုဖော်ပြပြီးတဲ့နောက် တခြား ထိုင်ဝမ်ခရီးသည် ၅ ဦးကလည်း သူ့လို ငွေညှစ်တာခံရတဲ့အကြောင်း အတွေ့အကြုံ ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီသတင်းထွက်ပေါ်ပြီးတဲ့နောက် ထိုင်းပြည်သူတွေကလည်း အဆိုပါရဲတွေကို ပြစ်တင်ဝေဖန်နေကြသလို ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားကလည်း နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းပုံရိပ် မထိခိုက်စေရေးအတွက် အမြန်ဆုံး စစ်ဆေးအရေးယူဖို့ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ဘန်ကောက် နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့ ရဲမှူးကြီး နစ်သီဆဲန်ဆဝမ်က “ပြည်သူတွေအနေနဲ့ တဖက်တည်းကြည့်ပြီး ရဲတွေကို အပြစ်တင်မစောဖို့၊ ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးဖော်ထုတ်နေတာကို စောင့်ဆိုင်းဖို့” ပြောပါတယ်။
စစ်ဆေးမှုမှာ နစ်နာသူ ထိုင်ဝမ်သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပြန်စစ်ဆေးတာ၊ အခင်းဖြစ်ခဲ့တဲ့ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ ပြန်လည်စစ်ဆေးတာ၊ မျက်မြင်သက်သေနဲ့ စီစီတီဗီကင်မရာ ပြန်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့က မင်းသမီးဆီ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာ တရုတ်သံရုံးအနီး ရာ့ချ်ဒါးဖိဆစ်လမ်းပေါ်မှာဖြစ်ပြီး တာဝန်ရှိသူတွေက နှစ်သစ်ကူးကာလ ရာဇဝတ်မှုနှိမ်နင်းရေးအတွက် အမှန်တကယ် စစ်ဆေးရေးဂိတ် ချထားကြောင်း၊ တာဝန်ကျရဲတပ်ဖွဲ့ဝင် ၇ ဦးရှိပြီး သူတို့က မနက် ၂ နာရီလောက်မှာ တက္ကစီတစီးကို တားဆီးစစ်ဆေးရာမှာ အရက်မူးနေတဲ့ နိုင်ငံခြားသားတွေ တွေ့ပြီး ထိုင်းနိုင်ငံက တားမြစ်ထားတဲ့ E-စီးကရက်တွေပါ တွေ့ရှိတယ်လို့ ပြောပါတယ်။
ပတ်စ်ပို့တောင်းကြည့်ရာမှာ အဆိုပါ သရုပ်ဆောင်မင်းသမီးက ပါမလာဘဲ ဟိုတယ်မှာ ကျန်ခဲ့တယ်ဆိုလို့ သူငယ်ချင်းနဲ့ သွားယူခိုင်းကြောင်း၊ ရဲတွေက E-စီးကရက်ဟာ ထိုင်းမှာ တားမြစ်ထားတဲ့အရာဖြစ်တယ်လို့ ရှင်းပြရာမှာ တဖက်နဲ့တဖက် စကားမပေါက်ဘဲ အထင်လွဲပြီး အချေအတင် ဖြစ်ခဲ့တယ်လို့ ဝန်ခံပါတယ်။
ဒါပေမဲ့ ငွေတောင်းခံမှု လုံးဝမရှိဘဲ စစ်ဆေးရေးဂိတ် ပိတ်ချိန်တန်တာကတကြောင်း၊ သူတို့ကလည်း ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိပုံ မပေါက်တာကြောင့် အမှုလုပ်မနေတော့ဘဲ ပြန်လွှတ်လိုက်တာလို့ ပြောပါတယ်။
ဒါဟာ ပြဿနာဖြစ်တဲ့ နှစ်ဖက်အသံတွေသာဖြစ်ပြီး နောက်ထပ် လူသက်သေ (တက္ကစီကားဒရိုင်ဘာ)၊ ပစ္စည်းသက်သေ စီစီတီဗီကင်မရာတွေ၊ ရဲကအသံဖမ်းထားတဲ့ အသံဖိုင်တွေ ဆက်လက်စစ်ဆေးသွားမယ့်အကြောင်း၊ လောလောဆယ် တက္ကစီကားမောင်းသမားကို ဆက်သွယ်လို့မရသေးဘူးလို့ နခွန်းဘန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီနေ့ညနေပိုင်း PPTVHD36 ကဖော်ပြတဲ့ နောက်ဆက်တွဲသတင်းမှာတော့ တက္ကစီကားမောင်းသမား ရဲစခန်းမှာ လာရောက်ထွက်ဆိုခဲ့ပြီဖြစ်ကြောင်း၊ သူ့ကားပေါ်မှာ ထိုင်ဝမ်မင်းသမီး အပါအဝင် အဖော် ၇ ဦးကိုတင်ခဲ့ပြီး သူတို့မှာ အရက်နံ့တွေ ထောင်းနေသလို စကားပြောမပေါက်ကြောင်း၊ ထိုင်းလို နည်းနည်းပြောတတ်တဲ့ အမျိုးသားကလည်း ချေချေငံငံမပြောဘဲ တက္ကစီမီတာခ ၈၇ ဘတ်ကျတာကို ၈၀ ပဲပေးခဲ့ကြောင်း၊ ရဲတွေကို ငွေ ၂၇,၀၀၀ ဘတ် ပေးခဲ့ရတဲ့ကိစ္စ သူမသိရဘူးလို့ ပြောသွားတယ်လို့ ဆိုပါတယ်။