close

ငွေတောင်းခံ

close

December 30, 2022

စစ်တောင်းမြစ်ကူးတံတားတွင် ယာဉ်များကို စစ်ကောင်စီက ငွေကြေးတောင်းခံ

ပဲခူးတိုင်း ရေတာရှည်-လိပ်သို စစ်တောင်းမြစ်ကူးတံတား အနောက်ဘက်ခြမ်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို ငွေကြေးတောင်းခံနေတယ်လို့ ဖြတ်သန်းသွားလာခဲ့တဲ့သူတွေက ပြောပါတယ်။

အဲဒီတံတားက ပဲခူးတိုင်း အရှေ့ဘက်ခြမ်းကနေ ကရင်ပြည်နယ် ဘက်ခြမ်းကို သွားတဲ့ အဓိက လမ်းတံတားဖြစ်ပြီး နေ့စဉ် ခရီးသည်ကားနဲ့ ကုန်ကား အစီးရေ ရာနဲ့ချီပြီး ဖြတ်သန်းသွားလာနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို တံတားပေါ်မှာ စောင့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက တခါတလေ ကားတစီးကို ပျမ်းမျှ ၁ ထောင်ကျပ် ကောက်ခံနေပြီး ည ၈ နာရီကျော်ရင်လည်း စစ်ဆေးမေးမြန်းတာတွေ ကြုံတွေ့နေရတယ်လို့ ဖြတ်သန်းသွားလာခဲ့သူတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကရင်ပြည်နယ် လိပ်သိုဘက်မှာ KNU နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်တောင်းတံတားပေါ်မှာ ဖြတ်သန်းသွားလာတဲ့ မော်တော်ဆိုင်ကယ်တွေကို တံတားနားမရောက်ခင် ၅ ပေအကွာကနေ ဆင်းတွန်းခိုင်းသလို ကားတွေကိုလည်း စစ်ဆေးရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဲဒီစစ်တောင်းတံတားပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုနှစ် နိုဝင်ဘာလက စတင်ကာ လုံခြုံရေးပိုမိုတင်းကြပ်ပြီး ငွေကြေးတောင်းခံမှု ပိုလုပ်လာတာလို့ သိရပါတယ်။

9 hours Ago

October 12, 2022

ညောင်တုန်း ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ယာဉ်စည်းကမ်းအကြောင်းပြပြီး ငွေတောင်းခံနေ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အောက်တိုဘာ ၁၁ ရက်က  ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ခရီးသွားပြည်သူတွေဆီကနေ အတင်းအကျပ် ငွေကြေးတောင်းခံနေပါတယ်။

ငှက်ပျောကျွန်းလမ်းမှာရှိတဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ် အစီး ၂၀ ထက်မနည်းကို ဖမ်းဆီးပြီး တစီးကို ကျပ် ၃၀,၀၀၀ တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်ကယ်အဖမ်းခံရသူ အမျိုးသားတယောက်က “အရင် ကိုဗစ် ဂိတ်ဟောင်းနေရာမှာ မော်တော်ယာဉ်စစ်တာ။ သူတို့ပြောတော့သာ ယာဉ်စည်းကမ်း အသိပညာပေးပြောပြီး တစီး သုံးသောင်းတောင်းတယ်။ ဒီလောက် စီးပွားရေးတွေ ကျပ်တည်းနေချိန် အမျိုးမျိုး ဒုက္ခပေးနေတာ။ အဖမ်းခံရတာ အစီး ၂၀ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရှိစေရေး အကြောင်းပြပြီး ညောင်တုန်းမြို့မစခန်းမှူး ဒုရဲမှူးညီညီ ဦးဆောင်ကာ စည်ပင်ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဟောင်းနေရာမှာ မော်တော်ယာဉ် ဖမ်းဆီးစစ်ဆေးတာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

3 months Ago
Up