တရုတ်နိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို အားပေးထောက်ခံတဲ့အနေနဲ့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာလည်း ဒီဇင်ဘာ ၃ ရက်က စုရုံးချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံတွင်း ကိုဗစ်စည်းကမ်းတင်းကျပ်မှုကို ဆန္ဒပြရာကနေ ဒီမိုကရေစီ လွတ်လပ်ခွင့်ပေးဖို့နဲ့ သမ္မတ ရှီကျင်းပင် ရာထူးအာဏာကနေ နုတ်ထွက်ဖို့ တရုတ်နိုင်ငံမြို့အတော်များများမှာ ပြည်သူတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
ကနေဒါနိုင်ငံမှာလည်း ဆန္ဒထုတ်ဖော်သူ ၁၀၀ နီးပါးဟာ တိုရွန်တိုတက္ကသိုလ်မှာ စုစည်းခဲ့ကြပြီး စက္ကူဖြူတော်လှန်ရေးလို့ အမည်ပေးထားတဲ့ တရုတ်နိုင်ငံက ဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ သံပြိုင်ဟစ်ကြေးတာ၊ သီချင်းသီဆိုတာတွေနဲ့အတူ သူတို့ရဲ့ ရပ်တည်ချက်ကို ပြသခဲ့ကြပါတယ်။
ရဲတွေကလည်း ခြံရံပေးခဲ့ပြီး ဆေးရုံတန်းရှိရာကို ချီတက်ခဲ့ကြပါတယ်။ တိုရွန်တိုမြို့မှာ ပညာသင်ယူနေတဲ့ တရုတ်နိုင်ငံတကာ ကျောင်းသား တစ်ဦးက “တရုတ်ပြည်မှာ လက်ရှိ ဖြစ်ပျက်နေတာတွေ အားလုံးကို ကျနော်တို့ သိနေရပါတယ်။ ဒီအတိုင်းထိုင်နေပြီး ဘာမှမလုပ်ဘဲ နေလို့မဖြစ်ဘူးလို့ ခံစားမိပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်က ပြည်သူတွေအတွက် မတ်တပ်ရပ် ပြီး ထုတ်ဖော်ပြောဆိုပေးဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ” လို့ ဆိုပါတယ်။
တရုတ်အစိုးရရဲ့ ကိုဗစ်ဆိုင်ရာ တားမြစ်ပိတ်ပင်ချက်တွေအပေါ် ဒေါသထွက်နေတဲ့ တရုတ်ပြည်သူတွေဟာ မြို့ကြီး ၂၀ ကျော်မှာ ဆန္ဒပြပွဲဒါဇင်ပေါင်းများစွာနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အာဏာဖီဆန်ခဲ့ကြတာပါ။
ဒါဟာ သမ္မတရှီကျင့်ဖျင် ၂၀၁၂ ခုနှစ်မှာ အာဏာစတင်ရယူပြီးကတည်းက မကြုံစဖူး အာဏာဖီဆန်မှုလည်း ဖြစ်ပါတယ်။