ချီလီနိုင်ငံရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ မာ့ပုချေဒေသမှာ စက်တင်ဘာ ၃ ရက်က စက်ယန္တရားကြီးတွေ တစ်ဒါဇင်လောက် မီးတင်ရှို့ခံခဲ့ရပြီး ဒီဖြစ်ရပ်ဟာ အဲ့ဒီက ဒေသခံ တိုင်းရင်းသားတွေနဲ့ စက်မှုဇုန်လုပ်သားတွေအကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုမှာ နောက်ဆုံး အဖြစ်အပျက် ဖြစ်ပါတယ်။
မနေ့မနက်အစောပိုင်းမှာ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေရောင်းတဲ့ စက်ရုံတစ်ရုံကို မျက်နှာဖုံးစွပ်တိုက်ခိုက်သူ ၅ ဦးက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘာဖမ်းဆီးမှုမှ မလုပ်သေးပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မနက် ၃ နာရီမှာ အစောင့်ကိုပြန်ပေးဆွဲပြီး ပစ်ခတ်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့၊ သေနတ်သံတွေ၊ တိုက်ခိုက်သံတွေ၊ စွမ်းရည်မြင့်လက်နက်တွေနဲ့ ဖြစ်သွားတာလို့ စက်ရုံပိုင်ရှင် ရာမွန် အော့ဆာက ပြောပါတယ်။
တောင်ပိုင်း အရောင်ကနီရာဒေသမှာ ဒေသခံ မာပုချေ တိုင်းရင်းသားတွေနဲ့ ချီလီအစိုးရတို့အကြား ကြာရှည်နေတဲ့ပဋိပက္ခတခုကြောင့် မငြိမ်သက်နိုင်ပဲ ရှိနေတာပါ။ ဒေသခံနိုင်ငံရေးသမား မစ်ဂွဲလ် မယ်လာဒိုကတော့ ဒါမျိုးက ဆက်ဖြစ်နေဦးမှာပဲလို့ ဆိုပါတယ်။
သမ္မတ ဆီဘတ်စ်ရှန် ပီညဲရာကို နိုင်ငံခြားကို ခရီးထွက်မယ့်အစား ရောင်ကနီရာဒေသကို လာသင့်တယ်လို့ အစိုးရကိုပြောချင်ကြောင်းနဲ့ ဒီဒေသဟာ စိုးရိမ်စရာအခြေအနေ တစ်ခုမှာဖြစ်နေလို့ တိုင်းပြည်နဲ့အစိုးရအတွက် နံပါတ်တစ် ဦးစားပေးဖြစ်ရမယ်လို့လည်း ဆိုပါတယ်။
မာပုချေတိုင်းရင်းသားတွေ စုစည်းနေထိုင်ကြတဲ့ အရောင်ကနီရာ ဒေသဟာ ချီလီနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။
မာပုချေဌာနေတိုင်းရင်းသားတွေဟာ အဓိကအားဖြင့် သစ်တောနဲ့ ဘိုးဘွားပိုင်နယ်မြေတွေ ပြန်လည်ရရှိရေးအတွက် တောင်းဆိုနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။