ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာမှာ တရားမဝင် ကျောက်စိမ်း တူးဖော်နေတဲ့ နေမင်းကမ္ဘာကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပိုင် စက်ယန္တရားတွေကို စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ က အောက်တိုဘာ ၁၅ ရက်မှာ သိမ်းဆည်းလိုက်တယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
တရားမဝင် ကျောက်စိမ်းတူးဖော်နေတဲ့ စက်ယန္တရားတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မြေပြင်တပ်တွေနဲ့ ဝင်ရောက်သိမ်းဆည်းခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။
ဒါ့အပြင် မြေစာပုံဈေးဆိုင်တန်းမှာရှိတဲ့ ရေမဆေးသမားတွေကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ အသုံးပြုတဲ့ ကက်နဲ့ ယမ်းတန်ချိန်ပေါင်းများစွာကိုလည်း သိမ်းယူခဲ့သလို ကုမ္ပဏီဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တာတွေကို ရပ်နားထားဖို့ အမိန့်စာတွေ အကြိမ်ကြိမ်ထုတ်ထားပေမယ့် မြေပြင်မှာတော့ ကျောက်စိမ်းတူးဖော် ထုတ်ယူတာတွေက ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီလို တူးဖော်ခွင့်ရဖို့ကိုလည်း စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်မကို တူးဖော်တဲ့ ကုမ္ပဏီတွေက ဘက်ဟိုးကားအစီးရေပေါ် မူတည်ပြီး လစဉ်ကြေးသဘောမျိုးပေးပြီး တူးဖော်ကြရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာလောက်ကတည်းက ပြန်လည်တူးဖော်နေခဲ့တာဖြစ်ပြီး ဖမ်းဆီးတာဟာ အခုတကြိမ် ပထမဆုံးဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာရှိတဲ့ သဘာဝအင်းကြီးဖြစ်တဲ့ အင်းတော်ကြီး အင်းပတ်ဝန်းကျင်တွေမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ အရင်ကထက် ပိုမိုများပြား လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တပိုင်တနိုင် လက်လုပ်တွင်းရွှေတူးဖော်မှုတွေဟာ အရင်ကတည်းက ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း ပိုမိုများပြားလာတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ရွှေတူးတာက ဟိုအရက်ကတည်း တနိုင်တပိုင်တူးတာတွေ ရှိတယ်။ အင်းဘေးမှာတွေပေါ့။ ဒေသခံတွေလောက်ပဲ တူးကြတာ၊ အနည်းအကျဉ်းလောက်ပဲ။ အခုက စက်အကြီးတွေ၊ ဘက်ဟိုးကြီးတွေနဲ့ တူးနေကြတာ။ ပိုများတာက အင်းရဲ့ အနောက်တောင် ဘက်တကြောမှာပေါ့။ တူးတဲ့သူတွေက အစုံပဲ"လို့ ပြောပါတယ်။
ရွှေတူးဖော်မှုတွေကို အင်းရဲ့ အနောက်တောင်ဘက်က လုံးတုံး၊ နန့်မသဲ၊ မိုင်းနောင်၊ လမုန်ကိုင်ရွာ ပတ်ဝန်းကျင်တွေမှာ တူးဖော်နေပြီး အင်းထဲစီးဝင်တဲ့ ခေါင်းတုံးချောင်းပေါ်မှာတူးဖော်နေ ကြတာပါ။
အင်းပတ်လည်က ရွှေတူးဖော်မှုတွေမှာ ဒေသခံတွေလည်း အများအပြားပါဝင်နေပြီး ရွှေတူး ဖော်မှုတွေဟာ အင်းကိုပျက်စီးစေတဲ့အကြောင်း ပညာပေးဖို့ လိုအပ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"အခုတူးနေတဲ့ သူတွေမှာ ဒေသခံတော်တော်များများပါတယ်။ ပိုက်ဆံရတာတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ အများကြီးရှိလာနိုင်တာကို မသိကျသလိုပဲ၊ သဘာဝအင်းကြီးကို အားလုံးဝိုင်းပြီးထိန်းသိမ်းရမှာ၊ အဲလိုတွေမဖြစ်အောင် ဒီကလူတွေကို အမြင်ဖွင့် သင်တန်းတွေအများကြီးပေးရမှာ။”
အင်းတော်ကြီး ပတ်ဝန်းကျင်မှာ အင်းအရှေ့ဘက်ခြမ်းတွေမှာလည်း တရားမဝင်သစ်ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အင်းတော်ကြီးအိုင်ဟာ တောင်နဲ့မြောက် အလျား ၁၄ မိုင်၊ အနံ ၇ မိုင်ရှိတဲ့ အင်းဖြစ်ပြီးတော့ မျိုးသုဉ်းမယ့် အန္တရာယ်ကျရောက်နေတဲ့ ငှက် အမျိုးအစား ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနဲ့ ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ ကမ္ဘာမှာ မျိုးသုဉ်းလု ဖြစ်နေတဲ့ လိပ် ၅ မျိုး၊ ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့ကို တွေ့နိုင်တဲ့ ဒေသဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။