ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်ရုံတစ်ရုံမှာ ဇူလိုင် ၈ ရက်က မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၂ ယောက် မီးတောက်တွေကြားမှာ ပိတ်မိသေဆုံးသွားတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။
ဒါကာမြို့ပြင် ၁၅ မိုင်လောက်ဝေးတဲ့ ရပ်ဂန်ဂျ်စက်မှုဇုန်မြို့ရှိ အစားအသောက်နဲ့ အဖျော်ရည်စက်ရုံမှာ မနေ့ညနေ ၅ နာရီလောက်ကတည်း မီးလောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် အထိ မီးဆက်လောင်နေတုန်းပဲလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် စက်ရုံအပေါ်ထပ်ကိုတက်ပြေးပြီး ခုန်ချခဲ့ကြတဲ့ လူအယောက် ၃၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ နယ်မြေခံ ရဲအရာရှိက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားချိန်မှာ စက်ရုံအလုပ်သမားတွေရဲ့ ရာနဲ့ချီတဲ့ မိသားစုဝင်တွေနဲ့ တခြားအလုပ်သမားတွေက စက်ရုံအပြင်ဘက်ကနေ အသက်ရှင်လွတ်မြောက်လာမယ့်သူတွေကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ကြပါတယ်။
၂၀၁၉ ဖေဖော်ဝါရီလကလည်း တရားမဝင်ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ဒါကာမြို့က နေအိမ်တိုက်ခန်းတွဲတစ်လုံးမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ အယောက် ၇၀ လောက်သေဆုံးခဲ့ပါတယ်။