close

စက်လှေပိုင်ရှင်

close

November 27, 2022

စစ်တွေအမြင့်ကျွန်းမှ စက်လှေပိုင်ရှင် ၇ ဦးအား ငွေဒဏ် ၅ သိန်းဖြင့် ပြန်လွှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမြင့်ကျွန်း မင်းချောင်းတံတားမှာ ဖမ်းဆီးခံခဲ့ရတဲ့ စက်လှေပိုင်ရှင် ၉ ဦးအနက် ၇ ဦးအား နိုဝင်ဘာ ၂၆ ရက် နေ့လယ်မှာ စစ်တွေမြို့နယ်တရားရုံးက ငွေဒဏ် ၅ သိန်း ပြစ်ဒဏ်ချပြီး လွှတ်ပေးလိုက်တယ်လို့ စက်လှေပိုင်ရှင်တွေက ပြောပါတယ်။

"အားလုံး ၉ ဦးမှာ ကျနော်တို့ ၇ ဦးကို ရေကြောင်းဥပဒပုဒ်မ (၄၃) အရ အနိမ့်ဆုံးပြစ်ဒဏ်အနေနဲ့ ငွေဒဏ်အပြစ်ပေးခံရတာ။ စစ်တွေမြို့နယ်တရားရုံးက ဒီနေ့အမိန့်ချတာ။ စက်လှေတွေကိုလည်း တရားဝင်ပြန်ပေးပါတယ်" လို့ လွတ်လာတဲ့ စက်လှေပိုင်တဦးက အတည်ပြုပြောပါတယ်။ 

အောင်တိုဘာ ၁၂ ရက်နေ့ ညနေက စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနီးရှိ မင်းချောင်း တံတားအောက်မှာ စစ်လှေတွေ ဆိုက်ကပ်ထားစဉ် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က စစ်ကား ၄ စီးနဲ့ လာရောက်ဖမ်းဆီးပြီး ပြည်တွင်း ရေကြောင်းသွားရေယာဥ် ဥပဒေပုဒ်မ ၄၃ နဲ့ စက်လှေပိုင်ရှင်တွေကို အမူဖွင့် တရားစွဲထားတာပါ။ 

အမှုဖွင့်ခံခဲ့ရတဲ့ စက်လှေပိုင်ရှင် ၉ ဦးအနက် ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ဦးသိန်းထွန်းနဲ့ မကျည်းချောင်းကျေးရွာ ဦးသန်းဝင်းတို့အား ရက္ခိုင့်တပ်တော် အေအေကို အခွန်ဆောင်မှုနဲ့ စစ်တွေအခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဗိုလ်ကြီးတဦးက တရားလိုလုပ်ပြီး စစ်တွေမြို့မရဲစခန်းမှာ ထပ်မေအမှုဖွင့်ခံထားရပြီး မလွတ်လာသေးဘူးလို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

"သူတို့ ၂ ဦးက ရေကြောင်းဥပဒေ ပုဒ်မ (၄၃)အပြင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ပါ အမူဖွင်လှစ်ထားတဲ့အတွက် တရားရင်ဆိုင်ကြရဦးမှာ" လို့ မိသားစုဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲကြောင့် ရေလမ်းကြောင်းတွေ ပိတ်ထားစဉ် အဆိုပါစက်လှေ ၉ စီးဟာ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပေါက်တောမြို့တွေကို ခရီးသည်နဲ့ ကုန်ပစ္စည်း ပို့ဆောင်ပေးတာကြောင့် ဖမ်းဆီးခံရပြီး ရေကြောင်းဥပဒပုဒ်မ (၄၃) အရ အနိမ်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ငွေဒဏ် ၅ သိန်းအထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရတာလည်း ဖြစ်ပါတယ်။

38 mins Ago

November 4, 2022

စစ်တွေတွင် စက်လှေပိုင်ရှင် ၂ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စစ်ကောင်စီက အမှုထပ်ဖွင့်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းချောင်းတံတားနားမှာ ဖမ်းဆီးခံခဲ့ရတဲ့ စက်လှေပိုင်ရှင် ၉ ယောက်ထဲက ၂ ယောက်ကို  စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁) နဲ့ နိုဝင်ဘာ ၂ ရက်မှာ ထပ်မံအမှုဖွင့်လိုက်ပါတယ်။

ထပ်မံအမှုဖွင့်ခံရတဲ့ စက်လှေပိုင်ရှင်တွေကတော့ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာက ဦးသိန်းထွန်းနဲ့ မကျည်းချောင်းရွာက ဦးသန်းဝင်းတို့ဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ တရားရုံးကို အမှုရင်ဆိုင်ဖို့လာတဲ့အချိန်မှာ ဦးသိန်းထွန်းကို စရဖအဖွဲ့တွေက ဖမ်းခေါ်သွားပြီး ဦးသန်းဝင်းကတော့ ရုံးချိန်းရက်မှာ ခရီးလွန်နေလို့ ဖမ်းဆီးမခံလိုက်ရဘူးလို့ ဒေသခံကပြောပါတယ်။

စက်လှေပိုင်ရှင်တွေရဲ့ ဆွေမျိုးတော်စပ်သူတယောက်က “အဲဒီစက်လှေ ၉ စီးဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားနားမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်(...)တွေက ဖမ်းဆီးခဲ့ပြီး စစ်လှေပိုင်ရှင်တွေကို ​စစ်တွေမြို့မရဲစခန်းမှာ ပြည်တွင်းရေကြောင်း ဥပဒေပုဒ်မ ၄၃ နဲ့ အမှုဖွင့်ထားပြီး နိုဝင်ဘာလ ၂ ရက်မှာ စက်လှေပိုင်ရှင် နှစ်ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ ထပ်မံအမှုဖွင့်ခံခဲ့ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစက်လှေပိုင်ရှင်တွေက ULA/AA ကို စက်လှေအကြီးတစီးကို ၅၀,၀၀၀ ကျပ်၊ စက်လှေ အငယ်တစီးကို ၃၀,၀၀၀ ကျပ် အခွန်ပေးဆောင်ရတယ်လို့ ထွက်ဆိုတာကြောင့် ULA/AA နဲ့ ဆက်သွယ်တဲ့အတွက်ထပ်မံ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

စက်လှေပိုင်ရှင် ၉ ယောက်နဲ့ စက်လှေ ၉ စီးကို စစ်ကောင်စီတပ်က အောင်တိုဘာ ၁၂ ရက် ညနေ ၅ နာရီလောက်က စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားအောက်မှာ ဆိုက်ကပ်ထားစဥ် စစ်ကား ၄ စီးနဲ့ လာရောက် ဖမ်းဆီးသွားခဲ့ကြတာပါ။

ဒီနောက် စက်လှေပိုင်ရှင် ၉ ယောက်ကို ပြည်တွင်းရေကြောင်းသွား ရေယာဥ်ဥပဒေပုဒ်မ -၄၃ နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ကာ အောက်တိုဘာ ၂၂ ရက်က အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ စက်လှေနဲ့ ပိုင်ရှင်တွေကတော့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ကုန်ပစ္စည်း ပို့ဆောင်တဲ့ စက်လှေတွေဖြစ်ပြီး ရေချမ်းပြင်၊ သင်းပုန်းတန်း၊ စေတီပြင်၊ ရသေ့တောင်၊ မန်းကျည်းချောင်းနဲ့ အမြင့်ကျွန်း ကျေးရွာတွေက စက်လှေနဲ့ ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

ရေကြောင်းကန့်သတ်ခံထားရတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊  မောင်တော၊ အငူမော်စတဲ့ မြို့နယ်တွေကို ဆေးဝါးနဲ့ စားသောက်ကုန်တချို့ကို စက်လှေတွေနဲ့  ပို့ဆောင်နေတာကြောင့် အခုလို အရေးယူရတာလို့ ရဲအရာရှိ တဦးက ဒီဗွီဘီကို ​ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

3 weeks Ago
Up