close

စက်သုံးဆီဆိုင်ပိုင်ရှင်

close

November 27, 2022

ဟန်ဂေရီတွင် အစိုးရထောက်ပံ့မှုရပ်ဆိုင်းလိုက်သဖြင့် စက်သုံးဆီဆိုင်ပိုင်ရှင်များ ရုန်းကန်နေ

ဟန်ဂေရီအစိုးရက လွတ်လပ်တဲ့ စက်သုံးဆီဆိုင်ပိုင်ရှင်တွေကို ရောင်းချမယ့် ဒီဇယ်နဲ့ဓာတ်ဆီတွေ ထောက်ပံ့ပေးတော့မှာ မဟုတ်ကြောင်း ကြေညာခဲ့တာကြောင့် စက်သုံးဆီဆိုင်တွေ လုပ်ငန်းဆက်လုပ်ဖို့ ရုန်းကန်နေရပါတယ်။ 

အခုဆို ရာနဲ့ချီတဲ့ စက်သုံးဆီဆိုင်တွေကို နိုင်ငံပိုင် MOL ကုမ္ပဏီမှ စက်သုံးဆီ ထောက်ပံ့ ပေးတော့မှာ မဟုတ်လို့ အရောင်းအဝယ်တွေ ပျက်ပြားကုန်ပါတယ်။

"ဒီအတွက်ကြောင့် လောင်စာဆီဆိုင် ၄၀၀ လောက် ပိတ်ရမယ့် အန္တရာယ်ရှိပါတယ်" လို့ ဟန်ဂေရီ နိုင်ငံရဲ့ လွတ်လပ်တဲ့ ဓာတ်ဆီဆိုင်များ မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ လာဇလိုဂီပက်ဇ်က ပြောကြား ခဲ့ပါတယ်။ 

ရုရှားနိုင်ငံမှ ရေနံထောက်ပံ့မှု ကျဆင်းနေချိန်ဖြစ်ပြီး ဈေးနှုန်းကန့်သတ်ချက်ကြောင့် ဝယ်လိုအား သိသိသာသာ မြင့်တက်နေချိန်မှာ လွတ်လပ်တဲ့ အရောင်းဆိုင်တွေဆီ လောင်စာဆီ ဖြတ်တောက်ဖို့ လိုအပ်တယ်လို့ ဟန်ဂေရီအစိုးရက ပြောကြားခဲ့ပါတယ်။ 

လွတ်လပ်တဲ့ စက်သုံးဆီဆိုင်ပိုင်ရှင်တွေဆီ ပေးပို့တဲ့ စာထဲမှာ နိုင်ငံပိုင်ကုမ္ပဏီ MOL က သူ့ကိုယ်ပိုင်ဓာတ်ဆီဆိုင်တွေကိုတော့ ဦးစားပေးအဖြစ် သိုလှောင်ထားမယ်လို့ ဆိုပါတယ်။

ဟန်ဂေရီအစိုးရက လောင်စာဆီ ထောက်ပံ့မှု ကန့်သတ်ချက်ကို ဘယ်လောက်ကြာကြာ ဆက်လုပ်ထားမယ်ဆိုတာ မပြောထားလို့ လွတ်လပ်တဲ့ အော်ပရေတာတွေအတွက် ပိုဆိုးရွားစေပါတယ်။ 

အစိုးရနဲ့ MOL တို့ကို ပြန်စဉ်းစားဖို့ တောင်းဆိုထားတဲ့ ဟန်ဂေရီရဲ့ လွတ်လပ်သောဓာတ်ဆီဆိုင်များ မဟာမိတ်အဖွဲ့က အသနားခံစာကို တုံ့ပြန်ခြင်း မရှိပါဘူး။ 

ဟန်ဂေရီရှိ လွတ်လပ်တဲ့စက်သုံးဆီဆိုင် ၁ ထောင်လောက်ဟာ နှစ်စဉ်ဖောက်သည် ၂ သန်း လောက်ကို ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ဓာတ်ဆီဆိုင်အများစုက ကျေးလက်ဒေသတွေမှာ ရှိနေတာပါ။ 

ဓာတ်ဆီဆိုင် လုပ်ငန်းတွေကို ရပ်ပစ်လိုက်တာနဲ့ စိုက်ပျိုးရေး အပါအဝင် ကျေးလက်နေပြည်သူ တွေနဲ့ စီးပွားရေးလုပ်ငန်း အများအပြားကို ကသောင်းကနင်း ဖြစ်စေမှာကြောင့် အစိုးရဖက်က သဘောထားပြောင်းလဲဖို့ကို ဓာတ်ဆီဆိုင်ပိုင်ရှင်တွေ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။

6 mins Ago
Up