အခုနှစ် သင်္ကြန်အကြိုကာလမှာ စက်သုံးဆီစျေးတွေ မြင့်တက်လာပြီး ဧပြီ ၆ ရက်နေ့ စျေးနှုန်းအရ ၉၂ တလီတာကို ကျပ် ၂၂၅၀ ထိ ရောက်ရှိလာပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ စျေးနှုန်းတွေအရ ရန်ကုန်မှာ ၉၂ တလီတာ ၂၂၅၅ ကျပ်၊ ၉၅ တလီတာ ၂၃၀၅ ကျပ် ပရီမီယံဒီဇယ်တလီတာ ၂၂၁၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာကို ၂၁၃၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက ၉၂ တလီတာကို ၂၂၀၀ အောက်မှာပဲ ရှိခဲ့ပြီး မတ် ၃၀ ရက်နေ့ စျေးနှုန်းများအရ ရန်ကုန်မြို့မှာ ၉၂ တလီတာ ၂၁၅၀ ကျပ်၊ ၉၅ တလီတာ ၂၂၄၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၁၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာကို ၂၀၉၅ ကျပ် ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် စက်သုံးဆီစျေးနှုန်းက သီတင်းပတ်တပတ်အတွင်းမှာ ပျမ်းမျှအနေနဲ့ တလီတာကို ကျပ် ၁၀၀ ကျော် မြင့်တက်လာတာဖြစ်ပါတယ်။
သင်္ကြန်ကာလနီးကပ်လာတာနဲ့အမျှ စက်သုံးဆီစျေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်လာတာ ဖြစ်ပါတယ်။ ဧပြီ ၅ ရက်က ရန်ကုန်မြို့မှာ ၉၂ တလီတာကို ၂၂၆၀ ကျပ်၊ ၉၅ တလီတာကို ၂၃၂၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာကို ၂၂၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၁၅၅ ကျပ်ထိ မြင့်တက်ခဲ့ရာက ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ပေမဲ့ တက်စျေးမှာပဲ ဆက်ရှိနေတာပါ။
“သင်္ကြန်နားနီးတော့ စျေးတက်လာတယ်။ ဒီနေ့တော့ သတ်မှတ်စျေး နည်းနည်းပြန်ကျတယ်။ တက်တုန်းကတော့ ခုန်တက်သွားတာပဲ၊ ကျတော့နည်းနည်းပဲ ပြန်ကျတာ၊ ၉၂ ဆို ၅ ကျပ်ပဲ ပြန်ကျတယ်” လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
အခုနှစ် သင်္ကြန်ကာလအတွင်းမှာ စည်စည်ကားကားဖြစ်စေဖို့အတွက် စက်သုံးဆီတင်သွင်းရောင်းချသူတွေကို ဈေးလျော့ရောင်းပေးဖို့ အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချသူများအသင်းက တဆင့်ညွှန်ကြားထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
စက်သုံးဆီစျေးနှုန်းတွေအနေနဲ့ အနည်းငယ်ပြန်ကျဆင်းလာတယ်ဆိုပေမဲ့ တစ်လီတာကို ၅ ကျပ်ကနေ ၂၅ ကျပ် လောက်သာ ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။
“တက်တုန်းက ခုန်တက်သွားတာ၊ ကျတော့ နည်းနည်းပါပဲ” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ပြန်ကြားရေးကော်မတီ တာဝန်ရှိသူကတော့ စက်သုံးဆီတင် သင်္ဘောကြီးတွေ မကြာေသးခင်က ရောက်ရှိထားပြီး ဧပြီ ၄ ရက်အထိ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ၉၂ က ၄,၃၃၇,၄၀၅ ဂါလန်၊ ၉၅ က ၁၀,၄၈၀,၅၁၄ ဂါလန်၊ ၉၇ ၁,၇၂၇,၄၀၃ ဂါလန်ရှိပြီး ဒီဇယ်က ၃၀,၉၃၂,၂၉၉ ဂါလန်၊ ပရီမီယံဒီဇယ်က ၂,၉၇၈,၉၄၅ ဂါလန် ခန့်ရှိတယ်လို့ ဧပြီ ၄ ရက်နေ့က ပြောကြားထားပါတယ်။
စက်သုံးဆီလက်ကျန်အနေနဲ့ ၉၇ က လွဲပြီး ကျန်ဆီ အားလုံးက ရက် ၃၀ စာ လုံလောက်မှု ရှိတယ်လို့ ပြောကြားခဲ့ကာ လေးလပိုင်း ၁၅ ရက်အတွင်းမှာလည်း သင်္ဘောအစီးရေ ၁၃ စီးလောက် ရောက်ရှိလာမယ်လို့ ပြောဆိုထားပါတယ်။
နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာ စက်သုံးဆီဈေးနှုန်းတွေဟာ အတက်ဘက်ကို ပြန်လည်ဦးတည်လာနေတယ်လို့ နေ့စဉ်စက်သုံးဆီဈေးထုတ်ပြန်ချက်တွေအရ သိရပါတယ်။
92၊ 95 နဲ့ ပရီမီယံဒီဇယ်အပါအဝင် စက်သုံးဆီဈေးတွေဟာ အခုလ အစောပိုင်းတုန်းက နေပြည်တော်မှာ 92 တစ်လီတာကို ၁၈၀၀ ကျော်၊ 95 တစ်လီတာကို ၂၀၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ရာကနေ ဇန်နဝါရီ ၂၈ ရက်အရောက်မှာတော့ 92 က တစ်လီတာ ၂၃၂၀ ကျပ်နဲ့ 95 က တစ်လီတာကို ၂၄၀၅ ကျပ် အထိ ရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်သုံးဆီဈေးတက်လာမှုဟာ အနည်းငယ် ရပ်တန့်သွားခဲ့ရာက ဇန်နဝါရီ ၂၈ အရောက်မှာ အနည်းငယ် ပြန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
နေပြည်တော် ဘောဂသီရိကားဝန်းအတွင်းမှ အိုးဝေမောင်းသူတဦးက "ဆီဈေးတွေကတော့ ဆက်တိုက်တက်နေတာ၊ ပြောနေကျတာတော့ 92 က ၃၀၀၀ လောက်အထိ တက်မယ်ဆိုလားပဲ။ အဲ့ဒီကျရင်တော့ အလုပ်ခဏနားထားမှရမယ်။ အခုတောင် ဆီဈေးတွေကတက်နေတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ ဆီဈေးတက်လို့ ကိုယ်က ဈေးတက်တော့ ပုံမှန်ဖောက်သည်တွေတောင် တဖြည်းဖြည်း နည်းလာပြီ"လို့ ပြောပါတယ်။
စက်သုံးဆီဈေးတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင်က 92 တစ်လီတာကို ၈၀၀ ကျပ်ဝန်းကျင်ကနေ အာဏာသိမ်းပြီး ၂ နှစ်အကြာမှာတော့ သုံးဆနီးပါးအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။