စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာရှိတဲ့ အဝေးပြေးယာဥ်လိုင်းတွေရဲ့ ကားလက်မှတ်ဈေးနှုန်း မြင့်တက်လာတယ်လို့ လက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။
ရန်ကုန်-နေပြည်တော် ကားလက်မှတ်တွေမှာ ယခင်က ၁၅၀၀၀ ရှိရာမှ အခု ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ဈေးတက်သွားခဲ့တယ်လို့ ဒဂုံဧရာအဝေးပြေးဝင်းကားလက်မှတ် အရောင်းဌာနတခုက ဒီဗွီဘီကို ပြောပါတယ်။
“အရင်က တစ်သောင်းခွဲပါ။ အခုက ကျမတို့ကား တစ်သောင်းရှစ်ထောင် ရှိတယ်၊ နှစ်သောင်း ရှိတယ်၊ သုံးထောင်လောက်တော့ တက်သွားတာပေါ့” လို့ ပြောပါတယ်။
မိုးကုတ်ကနေ ရန်ကုန်ကို ယခင်က ကားလက်မှတ်ဈေးနှုန်းမှာ လေးသောင်းခွဲရှိရာမှ ဒီကနေ့ ကားလက်မှတ်ဝယ်ရာမှာ ငါးသောင်းဖြစ်သွားတယ်လို့ ခရီးသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရင်ရက်က ရန်ကုန်ကနေ မိုးကုတ်ကိုသွားတာ လေးသောင်းခွဲပဲပေးရတာ။ အခုအိမ်က တစ်ယောက်က လာမယ်ဆိုတော့ ငါးသောင်းဖြစ်နေပြီ၊ မြတ်မန္တလာထွန်းမှာ ငါးထောင် တက်သွားတယ်။”
မန္တလေးမှ ရန်ကုန်ကို အဝေးပြေးကားလက်မှတ်စျေးနှုန်းမှာ ပြီးခဲ့တဲ့ရက်က နှစ်သောင်းခွဲရှိရာမှ ဒီကနေ့ နှစ်သောင်းရှစ်ထောင်အထိ စျေးတက်သွားတယ်လို့ ကားလက်မှတ်အရောင်းဌာနတခုက ဒီဗွီဘီ ကိုပြောပါတယ်။
“အခုက ဆီစျေးတက်တော့ သုံးထောင်လောက် တက်သွားတယ်။ သူများတွေက တက်နေပြီ၊ ညီမတို့က အခုလာမဲ့ ၂၉ ရက်ကစပြီး တက်မှာ။”
လက်တလောမှာ ဒီဇယ်စျေးနှုန်းမြင့်တက်မှုမှာ ပြည်နယ် နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ကွာခြားမှုများ ရှိတာကြောင့် ကားလက်မှတ်တွေ စျေးတက်ရတာလို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခုဆီစျေးတွေက အကျမရှိဘူး၊ နေ့စဥ်တက်နေတော့ ခရီးသည်ကလည်း မရှိဘူး၊ လူမဲ့တန်ဆာလည်း မတင်ရဘူး။ အာ့ကြောင့် လက်မှတ်စျေးတက်ရတာပါ” လို့ ရှင်းပြပါတယ်။
ရန်ကုန်၊ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးရှိ ခရီးသွားကားလက်မှတ်တွေဟာ သုံးထောင်မှ ခြောက်ထောင်အထိ စျေးနှုန်းမြှင့်တက်လာတယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။
စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ စျေးနှုန်းများအရ ရိုးရိုးဓာတ်ဆီစျေးနှုန်းမှာ ရန်ကုန်မှာ တစ်လီတာ ၃၂၂၅ ကျပ်နဲ့ ဟားခါးမြို့မှာ ၃၅၄၀ အထိရှိပြီး ပရီမီယံဒီဇယ်စျေးနှုန်းမှာ ရန်ကုန်မှာ ၃၃၀၅ ကျပ်အထိရှိပြီး ဟားခါးမှာတော့ ၃၆၁၀ ကျပ်အထိ ရှိနေပါတယ်။
မန္တလေးမြို့မှာ လက်တလောဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဈေးအဆမတန်ကြီးတာနဲ့ အလွယ်တကူ ဝယ်မရတဲ့ အခြေအနေကြောင့် လူမှုကူညီရေးအသင်းတချို့ ကားများကို ရပ်နားထားရပါတယ်။
ရပ်နားထားတာနဲ့ပတ်သက်လို့ တချို့အသင်းတွေအနေနဲ့ လူမှုကွန်ရက်ကနေ အသိပေးတာတွေ ရှိပေမယ့် တချို့ အသင်းတွေကတော့ အသိပေးတာမရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လူမှုကယ်ဆယ်ရေးအဖွဲ့တခုမှ တာဝန်ရှိသူတဦးက “အဓိကပြဿနာဖြစ်မှာက နာရေးပို့နေတဲ့ အသင်းတွေပဲ။ သူတို့က ပုံမှန်လမ်းကြောင်းထွက်နေရတာ။ ကျန်တဲ့ အရေးပေါ်လမ်းကြောင်းတွေကတော့ ဆီမရှိတဲ့ အသင်းတွေက နားပေါ့။ ထွက်တဲ့ အသင်းတွေကလည်း အများသူငှာနည်းတူ ဆီရဖို့ တန်းစီပြီး ထွက်ဖို့ ပြင်ထားရတာပေါ့” လို့ ပြောပါတယ်။
မန္တလေးမြို့မှာ ဓာတ်ဆီဝယ်ရဖို့အတွက် တန်းစီနေရပြီး မနက်ခင်း ဆိုင်မဖွင့်ခင်ကတည်းက စောင့်ဆိုင်းနေရတာတွေလည်း ရှိပါတယ်။
မန္တလေးမြို့က ဆီဆိုင်ကြီးတွေမှာ 92 ဓာတ်ဆီ တလီတာကို ၂၃၀၀ ကျော်နဲ့ 95 ဓာတ်ဆီ တလီတာကို ၂၄၀၀ ကျော် ဈေးရှိပေမယ့် စက်သုံးဆီ အလွယ်တကူဝယ်မရတဲ့အတွက် အပြင်မှာ ရောင်းချတဲ့ ဘူးထောင်များ ဝယ်ထည့်ရာမှာ တစ်လီတာ ၄၀၀၀ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။