close

စက်သုံးဆီဈေးမြင့်တက်

close

August 11, 2022

ရန်ကုန်နှင့် နယ်မြို့အချို့တွင် စက်သုံးဆီ ဝယ်ယူရခက်ပြီး ဈေးမြင့်တက်

တရက်အတွင်း စက်သုံးဆီတလီတာကို ကျပ် ၃၀၀ ဝန်းကျင် မြင့်တက်လာပြီး ရန်ကုန် အပါအဝင် နယ်ဒေသတချို့မှာ စက်သုံးဆီ ဝယ်ယူရခက်တဲ့ အခြေအနေတွေ ထပ်မံဖြစ်ပေါ်လာပါတယ်။

အဲဒီလို စျေးနှုန်းကြီးမြင့်တာ၊ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်ပြီး ဝယ်ယူရခက်တဲ့ ဖြစ်စဉ်တွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာခဏ ဖြစ်ပေါ်နေတာပါ။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် မနေ့က ဈေးကွက်အတွင်း ဆိုင်တချို့ အရောင်းအဝယ် ရပ်နားထားတာ တွေ့ရပြီး ဒီနေ့ ဈေးကွက်ဖွင့်ချိန်မှာတော့ တလီတာကို ကျပ် ၃၀၀ ဝန်းကျင်ထိ စျေးထိုးတက်လာပါတယ်။

မော်လမြိုင်မြို့ခံ ပြည်သူတဦးက “ဒီနေ့ ၃၀၀ ကျော်လောက် ထပ်တက်တယ်။ မရှိမဖြစ် သုံးနေရတော့ ဈေးကြီးလည်း ဝယ်ထည့်ရတာပဲ။ ဆီဈေးလည်း တက်တယ်ဆိုတော့ ဆီပြတ်ပါပြီဆိုပြီး မနေ့ကပိတ်ထားတဲ့ ဆိုင်တွေက အရောင်းပြန်ဖွင့်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92 Ron တလီတာကို ၂,၁၄၀ ကျပ်၊ အောက်တိန်း 95 Ron တလီတာကို ၂,၂၁၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၄၄၀ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၅၁၅ ကျပ်နဲ့ အမြင့်ဈေးမှာ ရပ်တည်နေပါတယ်။

ဗဟိုဘဏ်က ဒေါ်လာဈေးမပြောင်းမီ ဩဂုတ် ၇ ရက်က ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92 Ron တလီတာကို ၁,၆၁၅ ကျပ်၊ အောက်တိန်း 95 Ron တလီတာကို ၁,၆၆၅ ကျပ်၊ ဒီဇယ် တလီတာကို ၁,၉၇၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၀၂၅ ကျပ် အသီးသီးရှိခဲ့ပြီး ဒေါ်လာရည်ညွှန်းဈေး ၁,၈၅၀ ကျပ်ကနေ ၂,၁၀၀ ကျပ်ကို ပြောင်းလဲပြီး ၄ ရက်အကြာ ဒီကနေ့မှာတော့ စက်သုံးဆီ အမျိုးအစားအလိုက် တလီတာကို ကျပ် ၅၀၀ ဝန်းကျင်ထိ ဈေးထိုးတက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်က အောက်တိန်း 92 Ron တလီတာကို ကျပ် ၂,၃၀၀ အထက်ထိ စံချိန်တင် အမြင့်ဈေး ‎ရောက်ရှိခဲ့ပြီး အခုအခါ တလီတာ ကျပ် ၂,၀၀၀ အထက်ကို တကျော့ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။

အခုလို စက်သုံးဆီအမြင့်ဈေး ရပ်တည်နေချိန် စစ်ကောင်စီကတော့ ပြည်ပကနေ စက်သုံးဆီပါဝင်တဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှုကို လျှော့ချဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းထုတ်လုပ်မှုကို တွန်းအားပေးဖို့ လုပ်ဆောင်နေပါတယ်။

5 days Ago

March 7, 2022

စက်သုံးဆီဈေးမြင့်တက်လာသဖြင့် စိုက်ပျိုးစရိတ် ၂ ဆကုန်ကျဟု ရေးမြို့ တောင်သူများ ပြော

စက်သုံးလောင်စာဆီဈေးတွေ ဆက်လက်မြင့်တက်လာတာနဲ့အမျှ မွန်ပြည်နယ်၊ ရေးမြို့နယ်က စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း ကုန်ကျစရိတ်တွေ ၂ ဆလောက် ပိုကုန်လာတာကြောင့် ရာသီပေါ် ခြံထွက် အသီးနှံတွေလည်း ပျက်စီးဆုံးရှုံးတာနဲ့ တွေ့ကြုံနေရတယ်လို့ ခြံသမားတွေက ပြောပါတယ်။

“အခု ဆီစျေးတွေက ၃ ဆ လောက် တက်တော့ ခြံမှာက အပင်တွေ ရေပေးရတယ်။ စက်နဲ့  ရေဖျန်းပေးရတာ ဆီစျေးကြီးတော့ ရေလည်း ပုံမှန်မပေးနိုင်၊ နွေရာသီဆို ချောင်းရေတွေ ခန်းခြောက်တော့ ရေမရှိရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဆို အပင်တွေ ရေမရရင် ပျက်စီးဆုံးရှုံးသလောက် ဖြစ်ကုန်ပြီ”လို့ ခြံသမားတဦးက ပြောပါတယ်။

အခု ဒေသထွက်ကုန်တွေဖြစ်တဲ့ ရာသီပေါ် အသီးအနှံ ဟင်းသီးဟင်းရွက်တွေက အစ သယ်ယူစရိတ်တွေ၊ ဓာတ်မြေသြဇာတွေမှာလည်း စစ်တပ် အာဏာသိမ်း ၁ နှစ်ကျော်အတွင်းမှာ  ပုံမှန်ဈေးထက် ၃ ဆ လောက် မြင့်တက်သွားတော့ ဝယ်လည်း မထည့်နိုင်၊ ရေလည်းမရပြန်ဆို ရာသီပေါ် အသီးနှံဟင်းသီးဟင်းရွက် အထွက်နှုန်းကျဆင်းတာနဲ့ ကြုံရတယ်လို့ ခြံသမားတွေက ပြောပါတယ်။ 

မွန်ပြည်နယ်အတွင်း တခြားမြို့နယ်တွေထက် ရေးမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ဒူရင်း၊ မင်းကွတ်၊  ကြက်မောက်၊  နာနတ်၊  သံပရာ၊ ကွမ်းသီး၊ ရာဘာ စတဲ့ တခြား ရာသီပေါ်အသီးအနှံတွေကိုလည်း အဓိက စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေနဲ့ လုပ်ကိုင်နေကြပါတယ်။

အခုလို မြန်မာငွေစျေးတွေ တန်ဖိုးကျလာတာနဲ့အမျှ  ရေးမြို့နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်း  ၆၀ ရာခိုင်နှုန်းကျော်လောက်ဟာ စက်သုံးဆီ၊ ဓာတ်မြေသြဇာ၊ သယ်ယူစရိတ်၊ အလုပ်သမား စရိတ်တွေကအစ ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

5 months Ago
Up