စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီတွေကို ခွဲတမ်းနဲ့ချပေးရာမှာ မျှတမှု မရှိတာကြောင့် ဆီဆိုင်ငယ်တွေမှာ မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းငယ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် အခြားတဘက်မှာလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ပြည်တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ တဦးချင်း လာရောက်ဝယ်ယူသူတွေအတွက် ဆိုင်မှာ ရောင်းဖို့မရှိဘဲ စက်သုံးဆီ ပြတ်လပ်မှု ရှိခဲ့ရင် အရေးယူခံရမယ်လို့ ဖိအားပေးထားပါတယ်။
ဒီ့အတွက်ကြောင့် စက်သုံးဆီကို ခွဲတမ်းနဲ့ ချပေးရာမှာ မျှမျှတတ ခွဲဝေပေးဖို့ လုပ်ငန်းငယ် ဆီဆိုင်သမားတွေက ဆန္ဒရှိနေကြပါတယ်။
မန္တလေးအခြေစိုက် စက်သုံးဆီလုပ်ငန်းရှင်တဦးက “ကျနော်တို့ကို ဘီအို ခွဲတမ်းနဲ့ချပေးတာပဲ။ အရင်က တပတ်ကို နှစ်ကြိမ်။ အခုတော့ ၅ ရက်ကို တကြိမ် တခါတည်း အပြီးထုတ်ပေါ့နော်။ ပြီးတော့ ခွဲတမ်းနဲ့ပတ်သက်ပြီး သူတို့က ဒီနေ့ ဒီပုံစံ ဆိုပေမဲ့ နောက်လကျရင် နောက်တမျိုးပုံစံ ဖြစ်ရင် ဖြစ်သွားတာ။ အဲ့တော့ ကျနော်တို့မှာ အဆင်မပြေတာတွေက အများကြီးပဲ။ ဒါပေမဲ့ အဆင်ပြေတဲ့သူ မရှိဘူးလားဆိုရင် အဆင်ပြေတဲ့သူတွေက တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေပဲ။ ပြီးတော့ သူတို့ဆိုင်တွေမှာ သူတို့ဆီနဲ့ သူတို့ခွဲတမ်းနဲ့ ဘယ်လို ယူကြလဲတော့ မသိဘူး။ သူတို့ ပြောတာတော့ ဘီအိုနဲ့ခွဲတာပဲလို့ ပြောတာပဲ။ ဒါပေမဲ့ သူတို့ဆိုင်တွေကတော့ ဆီမပြတ်တာ များပါတယ်။ ကျနော်တို့ပဲ ဆီပြတ်တာ များတယ်။ အဲ့တော့ ကျနော်တို့က ထိန်းပြီး ရောင်းနေရတယ်။ ကိုယ့်ဆီမှာ ကျန်တဲ့ ဆီလက်ကျန်နဲ့လေ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီ့အပြင် စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတယ် ဆိုပေမဲ့ စက်သုံးဆီတင်သွင်းခွင့်ရတဲ့ ကုမ္ပဏီကြီးတွေ ကောင်းစားရေးအတွက်သာ ဖြစ်နေတယ်လို့ လုပ်ငန်းငယ် ဆီဆိုင်လုပ်ငန်းရှင်တွေက ထောက်ပြထားပါတယ်။
“ကျနော်ဆိုရင် ပြီးခဲ့တဲ့နှစ်က သိန်း တထောင်ကျော် ရှုံးတယ်။ ကားက သွားသယ်ရမယ့် နေရာ မရောက်သေးဘူး။ လမ်းမှာတင် ရှုံးတာ။ ဘာလို့လဲဆို ဆီကို ကျနော်တို့က ရန်ကုန်အထိ သွားသယ်ရတာ။ ရန်ကုန်ကနေ ဒီကို ပြန်ရောက်ဖို့ အချိန် တပတ်ကြာတယ်။ အဲဒီတပတ်အတွင်းမှာ ဆီဈေးက ၁လီတာကို ၅၀ ၊ ၁၀၀ ကွာသွားတာနဲ့ ရှုံးရော။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်တာက ဈေနှုန်းတခုကို တပတ် ဒါမှမဟုတ် ၁၅ ထားတာမျိုးပေါ့။ အခုဟာက ကမ္ဘာ့ဈေးတက်လို့ တက်ဈေးဆိုပြီး လုပ်တာက ဘာမှ မထူးဘူး။ အဲ့လိုလုပ်တာ ကုမ္ပဏီကြီးတွေပဲ ကောင်းစားသွားတာ။ ကျနော်တို့က သူတို့ဆီကနေ တဆင့်ပြန်ယူရတာ။ အဲ့တော့ စားသုံးသူအတွက်လဲ အဆင်မပြေဘူး။ ပြီးတော့ လုပ်ငန်းငယ် ဆီဆိုင်တွေလဲ မခံနိုင်တော့လို့ ပိတ်သွားတာတွေ အများကြီးပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ ဧပြီ ၂၀ ရက်အတွက် သတ်မှတ်ထားတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၁လီတာကို အောက်တိန်း(၉၂) ၂၁၂၅ ကျပ်၊ အောက်တိန်း(၉၅) ၂၂၂၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၀၃၀ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၁၁၀ ကျပ် အသီးသီး ရှိပါတယ်။
အလားတူ မန္တလေးဈေးကွက်အတွက် စက်သုံးဆီဈေးနှုန်းတွေက ၁လီတာကို အောက်တိန်း (92) ၂၁၇၅ ကျပ်၊ အောက်တိန်း (95) ၂၂၇၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၀၈၀ ကျပ်နဲ့ ဒီဇယ်(ပရီမီယံ) ၂၁၆၀ ကျပ် အသီးသီးရှိပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်သုံးဆီပြတ်လပ်နေတဲ့အတွက် ဖေဖော်ဝါရီ ၁၅ ရက်က စတင်ပြီး ဆီပန့်ဆိုင်အားလုံးနီးပါး ပိတ်ထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
စက်သုံးဆီ သယ်ယူရောင်းချခွင့်ကို ပိတ်ပင်ထားတဲ့အတွက် ဖားကန့်မြို့နယ်အတွင်းက ဆီပန့်ဆိုင် အားလုံးနီးပါးပိတ်ထားပြီး သွားလာရေး အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာ ဒေသခံတဦးက “ဖားကန့်ကို စက်သုံးဆီ သယ်ယူ ရောင်းချခွင့်ပိတ်ထားတယ်။ အရင်ရက်တွေကတော့ ဓာတ်ဆီကို အကန့်အသတ်နဲ့ ဝယ်လို့ရသေးတယ်။ ဒီနေ့တော့ ဖားကန့် လုံးခင်းဘက်က ဆီပန့်ဆိုင်တွေ အားလုံးနီးပါး ပိတ်သွားပြီ။ ဆိုင်ကယ်ထဲ ထည့်ဖို့တောင် ဓာတ်ဆီ ဝယ်မရတော့ သွားလာရေးက အရမ်းခက်ခဲသွားပြီ” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းက စက်သုံးဆီပန့်ဆိုင် အားလုံးနီးပါး ပိတ်ထားခဲ့ပေမယ့် လမ်းဘေးမှာ ပုလင်းဖြင့် ရောင်းချနေတဲ့ ဆိုင်အနည်းငယ်ရှိနေသေးကြောင်း သိရပါတယ်။
“ဆီပန့်ဆိုင်တွေကို ဆီအဝင် မရှိတော့လို့ဆိုပြီး အားလုံးနီးပါးပိတ်သွားကြပြီ။ လမ်းဘေးမှာ ပုလင်းနဲ့ ရောင်းတဲ့ဆိုင်လေးတွေတော့ ရှိသေးတယ်။ ဆီပန့်ဆိုင်တွေမှာ ရောင်းတဲ့ဈေးထက်တော့ ကြီးတယ်။ တပုလင်းကို ၃၀၀၀ ကျော် ၄၀၀၀ ဝန်းကျင်ရောင်းနေတော့ အလုပ်သွားရလာရတာ အတော့်ကို ဒုက္ခရောက်တယ်”လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဇန်နဝါရီလကုန်ပိုင်းကစတင်ပြီး စက်သုံးဆီ သယ်ယူရောင်းချခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။