ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မြန်မာဘက်ပို့မယ့် စက်သုံးစီတင်ယာဉ်တစီး ဧပြီ ၁၂ ရက် ဒီနေ့မနက်က မတော်တဆယာဉ်တိုက်မှုဖြစ်ပွားလို့ မီးလောင်သွားပါတယ်။
ဒီကနေ့မနက် ၃ နာရီခွဲလောက်က တာ့ခ်ခရိုင်၊ မဲထော့အုပ်စု၊ နောင်ဘိုတိုက်ရပ်ကွက် တာ့ခ် - မဲဆောက်သွား ကားလမ်းမကြီးပေါ်မှာ စက်သုံးဆီတင်ကား ၁ စီး မီးလောင်ကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် မီးသတ်ကား၊ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ တယ်လို့ မဲ့ထောနယ်မြေရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ကားတစ်စီး အရှိန်ပြင်းပြင်းနဲ့ မီးတောက်လောက်နေပြီး ဆီတွေလည်း ယိုဖိတ်ပြန့်ကြဲနေကာ တချက်တချက် ပေါက်ကွဲသံတွေ ကြားရကြောင်း၊ ယာဉ်မောင်းသမားမှာ မီးထဲကနေ ထွက်ပြေးလွတ်မြောက်လာပေမဲ့ တကိုယ်လုံး မီးဟပ်ခံထားရတာကြောင့် ဒဏ်ရာပြင်းပြီး ဆေးရုံကို ပို့ ဆောင်ထားရတယ်လို့ ဆိုပါတယ်။
မီးအရှိန်ပြင်းတဲ့အတွက် အနီးနားက နေအိမ်တစ်လုံးကိုပါ မီးဟပ်ခဲ့ကြောင်း၊ မီးသတ်ကားနဲ့ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မနက် ၅ နာရီခွဲလောက်မှာ မီးငြိမ်းသွားပြီး ဆီတင်ကားကတော့ ၁ စီးလုံးနီးပါး လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် အဆိုပါလမ်းပေါ်မှာ ၅ ကီလိုအကွာအဝေးထိ ယာဉ်ကြောပိတ်ဆို့ခဲ့ပါတယ်။
မျက်မြင်သက်သေနဲ့ ဆောက်လုပ်ရေးပစ္စည်းတင် ကားသမားတို့ ပြောပြချက်အရ အဆိုပါဆီတင်ကားဟာ တာ့ခ်မြို့နယ်ကနေ မဲဆောက်သို့ ဦးတည်မောင်းနှင်နေစဉ် အရှေ့မှာ သွားနေတဲ့ သံလုံးသံချောင်းဆောက်လုပ်ရေးပစ္စည်းတင်ကားကို အနောက်ကနေ အရှိန်နဲ့ဝင်တိုက်ပြီး ပေါက်ကွဲမီးလောင်ခဲ့တာလို့ ဆိုပါတယ်၊ ဆောက်လုပ်ရေးကားကတော့ ကားနောက်ပိုင်း အနည်းငယ် ထိခိုက်ပျက်စီးသွားပါတယ်၊
ဆီတင်ယာဉ်မောင်းသမားမှာ အသက် ၄၂ နှစ်ရွယ်ရှိ နိုင်းအာနတ် ဆိုသူဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်စဉ် အသေးစိတ်ကို မေးမြန်းစစ်ဆေးလို့ မရသေးပါဘူး။
အဆိုပါလောင်စာဆီတွေဟာ နယ်စပ်ကနေ မြန်မာဘက်ကို ပို့ဆောင်ဖို့ဖြစ်တယ်လို့ မဲဆောက်လုံခြုံရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ ဆီပိုင်ရှင် ကုမ္ပဏီနဲ့ ဆုံးရှုံးမှုပမာဏကိုတော့ မသိရသေးပါဘူး။
Source- MGR Online