စစ်ကိုင်းတိုင်း၊ ကလေးမြို့ စက်သုံးဆီဆိုင်အချို့မှာ ဩဂုတ် ၁၅ ရက်နေ့ ဒီနေ့ ကစတင်ကာ စက်သုံးဆီပြတ်လပ်နေပြီး အလုံအလောက်ဝယ်ယူမရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ကလေးမြို့မြို့လယ်က စက်သုံးဆီဆိုင်ကြီးတခုဖြစ်တဲ့ မြမြတ္တာမွန်ဆီဆိုင်မှာ ဒီနေ့မနက်ပိုင်းက စတင်ပြီး စက်သုံးဆီတွေ ပြတ်တောက်သွားကာ ဆီဆိုင်ပိတ်ထားလိုက်ရတယ်လို့ ပြောပါတယ်။
စက်သုံးဆီဆိုင်တွေမှာတော့ စက်သုံးဆီ 92 နဲ့ 95 ကို ဆိုင်ကယ်ထဲ အပြည့်ဖြည့်ပေးပြီး ပုံးဆွဲဝယ်မရကြောင်း၊ ကားတစီးကို သုံးသောင်းကျပ်ဖိုးသာ ရောင်းချပေးတယ်လို့ ဆိုပါတယ်။
"တခြားမြို့ကြီးတွေမှာဆို စက်သုံးဆီက ပြတ်တောက်နေတော့ ကျနော်တို့မြို့မှာလည်း ပြတ်တောက်နိုင်တဲ့ အနေအထားရှိတယ်။ ကျနော်တို့ ကလေးမြို့ကနေ မြန်မာနိုင်ငံ အောက်ပိုင်းတွေကို အခုဆို ကလေးဝ-မဟာမြိုင်လမ်းက တံတား ၃ စင်း ကျိုးထားလို့ သွားမရဘူး။ ကလေး-ဂန့်ဂေါလမ်းပိုင်းဆိုရင် သွားမရတာကြာပြီ။ ဒါကြောင့် စက်သုံးဆီက ပြတ်နိုင်တယ်။မြ မြတ္တာမွန်ဆီဆိုင်ဆိုရင် စက်သုံးဆီပြတ်သွားလို့ ဆိုင်ပိတ်လိုက်ရပြီ။ ကျန်တဲ့ဆိုင်တွေလည်း ခွဲတမ်းနဲ့ပဲ ရောင်းချပေးနေတာ။ လိုသလောက်မရတော့ အဆင်မပြေဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
စက်သုံးဆီဆိုင်က အရောင်းဝန်ထမ်းတဦးကတော့ ဆိုင်မှာ လက်ရှိ ဆီမပြတ်သေးဘဲ နောက်ထပ် ဆီကားမဝင်နိုင်ပါက ပြတ်တောက်နိုင်တဲ့အနေအထားရှိပြီး ဒေသခံတွေ အဝယ်များနေတာကြောင့် ခွဲတမ်းနဲ့ ရောင်းချပေးနေရတာတယ်လို့ ပြောပါတယ်။
ကလေးမြို့မှာ ဩဂုတ် ၁၅ ရက်နေ့မှာ စက်သုံးဆီဆိုင်တွေ တဆိုင်တဆိုင် ဈေးအနည်းငယ်သာ ကွာဟမှုရှိနေပြီး အောက်တိန်း 92 တစ်လီတာကို ကျပ် ၄၀၀၀ ဝန်းကျင်အထိရှိနေပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီပြတ်လပ်နေပြီး တချို့ဆိုင်တွေကတော့ ခွဲတမ်းနဲ့သာ ရောင်းပေးနေတဲ့အတွက် အလုံအလောက် ဝယ်မရ ဖြစ်နေတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
DDPC စက်သုံးဆီဆိုင် ၂ ခုအနက် တခုမှာသာ သြဂုတ် ၁၂ ရက်၊ မနက် ၁၁ နာရီလောက်အထိ ရောင်းချပေးပြီး ဆိုင်ကယ်တစီး အများဆုံး ကျပ် ၂,၀၀၀ ဖိုးနဲ့ ကားတစီး အများဆုံး ကျပ် ၁၀,၀၀၀ ဖိုးအထိသာ ရရှိတယ်လို့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။
“ဓာတ်ဆီ နှစ်ထောင်ဖိုးလောက်နဲ့က ဘယ်မှသွားလာလို့မရဘူး။ ငါးထောင်ဖိုးလောက် ထည့်ဖို့ကို တဆိုင်ပြီးတဆိုင် လိုက်ထည့်နေရတယ်။ တချို့ဆိုင်တွေမှာက ဆီလုံးဝမရှိတော့ဘူး” လို့ ပြောပါတယ်။
စက်သုံးဆီဆိုင်ကြီးတခုဖြစ်တဲ့ ရနံ့သစ် ဆိုင်မှာတော့ ဆိုင်ကယ်တစီးကို အများဆုံး ၃,၀၀၀ ဖိုးအထိသာ ရောင်းချပေးနေပြီး ယာဥ်တစီးကို တရက်တကြိမ်သာ ဝယ်ယူခွင့်ပေးပါတယ်။
အခုလို စက်သုံးဆီ လုံးဝပြတ်လပ်ရတာက ဆီသယ်ယာဥ် အချိန်မီရောက်မလာလို့ဖြစ်ပြီး ဆီသယ်ယာဥ် ရောက်လာပါက ခွဲတမ်းနဲ့ ပြန်လည်ရောင်းချပေးမယ်လို့ အမည်မဖော်လိုတဲ့ စက်သုံးဆီဆိုင်ဝန်ထမ်းတဦးက ပြောပါတယ်။
ထားဝယ်မြို့မှာ သြဂုတ် ၆ ရက်က ဓာတ်ဆီ 92 တလီတာစျေးနှုန်း ၁,၆၈၀ ကျပ် ရှိခဲ့ရာကနေ ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့မှာတော့ ၂,၃၁၅ ကျပ်ဖြစ်နေတဲ့အတွက် တပတ်အတွင်း စျေးနှုန်း ကျပ် ၆၀၀ လောက်အထိ မြင့်တက်လာပါတယ်။