အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်မယ့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းကို အားပေးမှာမဟုတ်ကြောင်း စင်ကာပူရောက် မြန်မာ ဘောလုံးပရိသတ်တွေက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
စင်ကာပူရောက် မြန်မာပရိသတ်တွေတည်ထောင်ထားတဲ့ မြန်မာဘောလုံး၁၂ ယောက်မြောက်ကစားသမားများ Myanmar Football 12th Players စာမျက်နှာကနေ ထုတ်ပြန်ခဲ့တာပါ။
စင်ကာပူနိုင်ငံမှာ လာရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းပွဲစဉ်တိုင်းကို အမြဲအားပေးခဲ့ပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ၊ ဖက်ဆစ်စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကို လက်မခံတာကြောင့် မြန်မာအသင်းဝင် ပြိုင်တာကို ကန့်ကွက်ကြောင်း၊ မြန်မာအသင်းကိုလည်း အားပေးမှာမဟုတ်ကြောင်း သတင်းထုတ်ပြန် ချက်မှာပါရှိပါတယ်။
စင်ကာပူနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့် မြန်မာအသင်းယှဉ်ပြိုင်မယ့် ကွင်းထဲသွားပြီး ဆန္ဒပြတာမျိုးလည်းလုပ်မှာမဟုတ်ကြောင်း၊ ကွင်းထဲမလာခြင်းကပင် ဆန္ဒပြမှုတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
အာဆီယံဆူဇူကီး ဖလားပွဲစဉ်တွေကို စင်ကာပူနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအသင်းက လာမယ့် ဒီဇင်ဘာ ၅ ရက်မှာ စင်ကာပူအသင်း ၊ ဒီဇင်ဘာ ၈ ရက်မှာ အရှေ့တီမော၊ ဒီဇင်ဘာ ၁၁ ရက်မှာ ထိုင်း၊ ဒီဇင်ဘာ ၁၈ ရက်မှာ ဖိလစ်ပိုင်းအသင်းနဲ့ အုပ်စုပွဲစဉ်တွေကစားရမှာဖြစ် ပါတယ်။
Sport Myanmar fans statement