close

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး

close

February 28, 2023

အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံဖြင့် မြန်မာ့အရေးဝင်စွက်ခွင့်မရှိဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လက်မခံရုံနဲ့ အာဆီယံဟာ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရသွားတာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လမ်းဆုံးကိုရောက်နေပြီ ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်ကကျင်းပတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ  အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကြောင့် ပိုလို့ဆိုးဝါးစေခဲ့တာလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန်ကပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ တခြားနိုင်ငံသားတွေလိုပဲ အရည်အချင်းရှိပြီး ကြိုးစားကာ စွမ်းစွမ်းတမံ တိုးတက်ရာကိုရှာဖွေပြီး မိသားစုကို ထောက်ပံ့နေကြပေမဲ့ မြန်မာ့နိုင်ငံရေးကတော့ မြန်မာ့နိုင်ငံသားတွေအပေါ် အထောက်အပံ့ကောင်းမဖြစ်စေဘူးလို့ ပြောပါတယ်။ 

“အခုဆိုရင် အာဏာသိမ်းတာ နှစ်နှစ်ကျော်လာခဲ့ပေမယ့်လည်း ဘာမှဖြစ်မလာသေးဘူး၊ ကျနော့်အမြင်ကိုမေးရင်တော့ ဒါဟာ ရှေ့ဆက်ဘာမှဖြစ်လာမှာမဟုတ်တဲ့ လမ်းဆုံးကို ရောက်နေတာပဲ။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေး၊ နိုင်ငံရဲ့ တိုးတက်မှုနဲ့ ဂုဏ်သိက္ခာကိုတည်ဆောက်ရေး၊ လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ရေး၊ နိုင်ငံစီးပွားရေးနဲ့ နိုင်ငံသားတွေရဲ့ အရည်အသွေးမြှင်တင်ရေး အဲဒါတွေ ဘာတခုမှ မလုပ်နိုင်တော့ဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဆက်လက်ပြီး ပြည်တွင်းမှာရှိတဲ့ အဓိကအဖွဲ့အစည်းတွေကမှ ကိုယ့်နိုင်ငံသားတွေရဲ့ အနာဂတ်အတွက် အကောင်းဘက်ပြောင်းလဲရေးကို ရိုးရိုးသားသားနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ မပြင်ဆင်ကြသေးဘူးဆိုရင်ပြင်ပကနေဝင်ရောက်စွက်ဖက်ပြုပြင်ပေးလို့ မရနိုင်ဘူးလို့ ပြောပါတယ်။

အာဆီယံကနေ ပြတ်ပြတ်သားသား အာဏာသိမ်းမှုကို လက်မခံဘူး၊ စစ်အာဏာရှင်တွေကို အသိအမှတ်မပြုဘူးဆိုပေမဲ့ သူတို့ရဲ့ ပြည်တွင်းရေးကို အာဆီယံက ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ တရားဝင်မှုကို အာဆီယံက အသိအမှတ်မပြုသလို စစ်ခေါင်းဆောင်တွေကို အာဆီယံရဲ့ အဆင့်မြင့်အာဆီယံအစည်းအဝေးတွေမှာလည်း နိုင်ငံကိုယ်စားပြုအဖြစ်တက်ရောက်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

စင်ကာပူအလုပ်သမားပါတီ လွှတ်တော်အမတ် ဆယ်လ်ဗီယာလင်းမ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းကဦးဆောင်စီစဉ်ပြီး မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကို စင်ကာပူက သွားမတက်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ 

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး  မစ္စတာဗီဗီယန်က မြန်မာ့အရေးဟာ အလွန်အမင်း ဝမ်းနည်းစိတ်ပျက်စရာဖြစ်သလို ပြင်ပကနေ ပြုပြင်ပေးလို့ရနိုင်တဲ့ ပြဿနာမဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက စစ်ဘက်ခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဗီဗီယန်က မြန်မာ့အရေးအပေါ် အာဆီယံရဲ့ ချဉ်းကပ်မှု ရာဇဝင်ကို ပြန်လည်ပြောပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ  မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ခဲ့တဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးတရပ် အင်ဒိုနီးရှာနိုင်ငံ ဂျာကာတာမှာကျင်းပခဲ့ပြီး အဲဒီကနေ အာဆီယံဘုံသဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။

ဒါပေမဲ မြန်မာစစ်တပ်က အဲဒီသဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိတာကြောင့် စစ်ဘက်ခေါင်းဆောင်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။ 

အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခြင်းမရှိတာဟာ အဲဒီဝန်ကြီးနဲ့ အာဆီယံကြား ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုတွေ မရှိဘူးဆိုတဲ့ သဘောတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အရပ်ဘက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ကတော့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်နေသေးလို့ အာဆီယံအဖွဲ့ဝင်ဖြစ်ရခြင်းရဲ့ အခွင့်အရေးတွေကို ရရှိနေဦးမှာဖြစ်ပါတယ်။

အာဆီယံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း မြန်မာနိုင်ငံက သိရှိခွင့်ရှိနေဆဲဖြစ်ပါတယ်။ အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံအတွက် ခုံနေရာကို အလွတ်ပဲထားဖို့ အာဆီယံက မရည်ရွည်ပါဘူး။

စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ တက်ရောက်ခွင့်မရှိပေမဲ့ မြန်မာနိုင်ငံက အရပ်ဘက်ဌာနဆိုင်ရာက အကြီးတန်းအရာရှိတွေကတော့ လာတက်ရောက်နိုင်ပါတယ်။ မြန်မာစစ်ကောင်စီက အဲဒီသတ်မှတ်ချက်ကို လက်မခံဘဲ လာတက်ရောက်ခြင်းမရှိခဲ့လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေးအပေါ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမြင်နဲ့ ခံယူချက်တွေကတော့ မတူညီကြဘူးလို့  စင်ကာပူဝန်ကြီးက ပြောပါတယ်။ 

ဥပမာအားဖြင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အမြောက်အမြားဝင်ရောက်လာတဲ့ ဒဏ်ကိုခံနေရတဲ့ ဘေးချင်းကပ်အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာ့အရေးကို အမြန်ဆုံးပြေလည်စေချင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးဟာ အာဆီယံအစည်းအဝေးမဟုတ်ဘဲ ထိုင်းနိုင်ငံနဲ့ မြန်မာစစ်ခေါင်းဆောင်တွေပြုလုပ်တဲ့ အစည်းအဝေးသာဖြစ်ပြီး တခြားအာဆီယံနိုင်ငံတွေကိုပါ ဖိတ်ကြားခဲ့တာဖြစ်ပြီး စင်ကာပူက အဲဒီအစည်းအဝေးကို တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ဘာထူးခြားချက်မှရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဘန်ကောက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေထဲက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်း၊ လာအို နိုင်ငံခြားရေးဝန်ကြီး ဆလုံးဆေးကိုမာဆစ်နဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး ဒိုဟုန်ဗီယက်တို့ တက်ရောက်ခဲ့ပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝန်ကြီးတွေကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

မစ္စတာဗီဗီယန် အနေနဲ့ကတော့ စစ်အာဏာရှင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရမယ်ဆိုရင်လည်းလမ်းဖွင့်ထားကြောင့်နဲ့ သူ့ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုပဲ ဆက်လက်တိုက်တွန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးဟာ ခက်ခဲရှုပ်ထွေပြီး အချိန်ဘယ်လောက်ကြာအောင် ဖြေရှင်းရမလဲဆိုတာ မသိနိုင်သေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဗီဗီယန်က ပြောခဲ့ပါတယ်။ 

Source: SCMP

8 mins Ago

October 28, 2022

ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်းနှင့် မြန်မာပြည်အခြေအနေကို အလွန်စိတ်ပျက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်းတည်းက အကြမ်းဖက်မှုတွေ ထပ်ခါထပ်ခါဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အလွန်စိတ်ပျက်ရကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က အောက်တိုဘာ ၂၇ ရက်မှာ ထပ်မံပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ လာမယ့်နိုဝင်ဘာလထဲ ကျင်းပဖို့ရှိနေတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ညီလာခံမတိုင်မီ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှု အခြေအနေတွေအပေါ် သုံးသပ်ဖို့နဲ့ နောက်ထပ် ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ရမယ် ဆိုတာတွေကို ဆွေးနွေးညှိနှိုင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အထူးအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပါဝင်ဆွေးနွေးခဲ့သလို ကချင်ပြည်နယ်မှာ ဖျော်ဖြေရေးပွဲပေါ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးခဲ့ရသူတွေအတွက်လည်း ဝမ်းနည်းရကြောင်း ပြောပါတယ်။

အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာစစ်အာဏာရှင်တွေကတော့ ပြီးခဲ့တဲ့ ဧပြီလက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်အပေါ် ဟန်ပြအနည်းငယ်သာ လိုက်နာဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က အထူးအစည်းအဝေးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဘာလာခရစ်ရှ်နန်က အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကို တွေ့ခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဘက်မလိုက်ဘဲ လိုအပ်နေတဲ့ နေရာတိုင်းကို ပွင့်လင်းမြင်သာစွာ ပို့ဆောင်ပေးရေး အပါအဝင် သဘောတူညီထားတဲ့ အချက်တွေကို အစီအစဉ်အတိုင်း မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

လာမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ညီလာခံမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို မြန်မာနိုင်ငံဆိုင်ရာ အကြံပေးချက်တွေ တင်ပြနိုင်ရေးအတွက် ဆက်လက် ဆွေးနွေးသွားကြဖို့ကိုလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ မနေ့ကကျင်းပခဲ့တဲ့ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်တဦး တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရပေမဲ့ စစ်ကောင်စီဝန်ကြီးကိုတော့ ဖိတ်ကြားခဲ့တာ မရှိပါဘူး။

4 months Ago
Up