မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်းကန်ပတ်လမ်းမှာ စစ်ကားတစီးကို စက်တင်ဘာ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဆုံးရပ်ကွက်က ဒေသခံအမျိုးသားတွေကို ခေါ်ယူကာ ရိုက်နှက်နှိပ်စက် စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ကျနော်တို့ အများဆုံးအရိုက်ခံရတာက အမရပူရမြို့နယ် တရုတ်တန်း၊ ရွှေဂွမ်းထုပ်ရပ်ကွက်က လူငယ်တွေ အများဆုံး အရိုက်ခံရတာ။ အရိုက်ခံရတဲ့ လူငယ်တွေ အတော်များတယ်။ ဘယ်လောက်ရှိမယ်လို့တော့ ကျနော်တို့ စာရင်းပြုစုမထားမိဘူး။ တချို့ကတော့ ကြောက်ကြတော့ ကျိတ်ခံကြတာ။ အပြင်မပြောကြဘူး။ အိမ်ပြင်ခေါ်ထုတ်ပြီး ရိုက်နှက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရိုက်ခံရတဲ့ လူငယ်တစ်ဦးကလည်း “တအိမ်ဝင် တအိမ်ထွက် ယောကျ်ားသား မှန်သမျှ အကုန်ထုတ်ခိုင်းတယ်။ ရိုက်နှက်တယ်။ ယောကျ်ားသား မရှိတဲ့အိမ်ဆို မိန်းမတွေကို ထွက်ခိုင်းတယ်။ ရိုက်နှက်တာတွေဆို စုတ်ပြတ်သတ်နေတာပဲ”လို့ ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးတယ်လို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပိတောက်ကုန်းလမ်းခွဲမှာ ဩဂုတ် ၁၂ ရက် မနက် ၆ နာရီခွဲလောက်က စစ်ကောင်စီတပ် ကားတစ်စီးကို အမည်မသိအဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့တယ်လို့ မိုင်းကွဲရာ အနီးနေ ဒေသခံတွေဆီကနေ သိရတာပါ။
ဒေသခံရွာသားတစ်ဦးက “ဒီမနက် ကျနော်တို့ ရွာနားက ဖြတ်မောင်းသွားတဲ့ စစ်ကားတွေ မိုင်းမိတယ်။ မိုင်းသံ အကျယ်ကြီးကြားရပြီးနောက်မှာ ဒီကောင်တွေ အနီးဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တော့တာပဲ။ ကားတစ်စီးတော့ အသေအချာ ထိထိမိမိတော့ မိုင်းမိတယ်။ သေဆုံးစာရင်းကတော့ မသိနိုင်ဘူးဗျ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ တပ်အင်အား ထောင်နဲ့ချီ ချထားကာ တင်းကျပ်ထားသလို ပုလဲ၊ ဂန့်ဂေါလမ်းဘေးက ကျေးရွာတိုင်းလိုလိုမှာလည်း ကင်းပုန်းဝတ် စစ်သားတွေ ချထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးတာတွေ အပြင်းအထန်လုပ်နေတာတွေ ရပ်တန့်ပြီး ပုလဲမြို့နယ်အတွင်းက အမြန်ဆုံးထွက်ခွာပေးဖို့ ပုလဲ PDF က သတိပေးထားပါတယ်။