close

စစ်ကား ၅ စီး

close

August 25, 2021

အရာတော်မြို့နယ်တွင် စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ဒုံဒစ်ရွာနဲ့ ဇရစ်ရွာကြားမှာ စစ်ကား ၅ စီး ဩဂုတ် ၂၅ ရက် ညနေ ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားတစ်စီး တိမ်းမှောက်ပြီး အသေအပျောက်တွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ဒုံဒစ်နဲ့ဇရစ်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ကြိုးဆွဲမိုင်း ၅ လုံးထိတာလို့ သိရတယ်။ ကားတစ်စီးမှောက်ပြီး အထိနာတယ်လို့တော့ ပြောတယ်၊ အသေအပျောက် အတိအကျမသိရသေးဘူး” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းက ကြွေပုဂံရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေ ဖျက်ဆီးပြီး ပြန်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“နေ့လယ်ပိုင်းက ကြွေပုဂံရွာဘုန်းကြီးကျောင်းအတွင်း ရွာသူရွာသား ၁၀၀ ကျော် ဖမ်းဆီးထားပြီး အဆက်အသွယ် လုပ်မရအောင်လည်း ဘုန်းကြီးကျောင်းက ဖုန်းတွေကစပြီး အကုန်သိမ်းတယ်။ ရွာသူရွာသားတွေ ငိုပြီးတောင်းပန်တဲ့ကြားက လူနေအိမ် ၁၅ လုံးကိုလည်း ရစရာမရှိအောင် စစ်တပ်က ဖျက်ဆီးသွားတယ်။”

မိုင်းထိပြီးနောက်ပိုင်း စစ်တပ်က သေနတ်အချက် ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မနက် ၃ နာရီလောက်က ကြွေပုဂံရွာကို ဝင်စီးပြီး တွေ့တဲ့လူ ဖမ်းဆီးနေတာဖြစ်ပြီး၊ တောတွေထဲအထိလည်း လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

12 hours Ago
Up