တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေးပါတီတွေကို တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိကြောင်းနဲ့ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၉ ရက်ဒီကနေ့ ကြေညာပါတယ်။
အန်အယ်လ်ဒီပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ပြန်လည်တုံ့ပြန်လိုက်တာပါ။
တည်ဆဲဥပဒေတွေကို ချိုးဖောက်ထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှုမရှိသည့်တဲ့ အပြင် ပြည်သူလူထုကို ကိုယ်စားပြုမှုလည်းမရှိတဲ့အတွက် သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှ တရားဝင်မှုမရှိကြောင်းကို အတိအလင်းကြေညာထားပြီးဖြစ်လို့ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိပါလို့ အသိပေးကြေညာလိုက်ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေနဲ့ အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်နေကာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကိုသာ ခံယူနေတဲ့ ပါတီဖြစ်တာနဲ့အညီ ပြည်သူရှိသရွေ့ ပါတီရှိနေမှာဖြစ်ပြီး ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေ ပြည့်တဲ့အထိ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်၊ ပြည်သူနဲ့ တသားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အသိအမှတ်ပြုလေးစားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီး၊ မတရားအမှုဆင်ကာ ထောင်ချထားတဲ့အပြင် ပါတီဝင် ၁၂၃၅ ဖမ်းဆီးခံရပြီး ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းတွေနဲ့ ထောင်တွင်းတွင်ကျဆုံးခဲ့ရသလို အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး နဲ့ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော် ကြိုးပေးသတ်ဖြတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့ရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်း ခံထားရပြီး ၄၇ ဦးတို့ရဲ့ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရကာ ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရတယ်လို့ အန်အယ်လ်ဒီ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် လူပေါင်း ၃၀၀၀ လောက်ကို အရေးယူဖို့ ပြင်ဆင်နေပြီး ၅၈ မှုကိုတော့ ပြစ်ဒဏ်ချမှတ်ပြီးပြီလို့ စစ်ကောင်စီသြဇာခံ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဇူလိုင် ၁ ရက်က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသွားတာဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ဝန်ကြီးဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ပါဝင်ပတ်သက်ခဲ့သူတွေကို တရားမဲ့မှုပြုခဲ့ရာမှာ ပါဝင်ပတ်သက်သူတွေလို့ စွပ်စွဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေမှာ ပါဝင်ခဲ့သူတွေအဖြစ် လူပေါင်း ၄၈၉ ယောက်ကို အမှုပေါင်း ၃၆၄ မှု နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီး ၁၃၇ မှုကို စွဲဆိုပြီးပြီလို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။ အဲဒီ ၁၃၇ မှုနဲ့ လူပေါင်း ၁၇၀ တရားစွဲဆိုခံထားရပြီး ၅၈ မှု အတွက် ပြစ်ဒဏ်တွေချပြီးပြီလို့လည်း သူကပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့သူတွေအဖြစ် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ပေါင်း ၂၄၁၇ ယောက် ရှိတယ်လို့ပြောပြီး ပြစ်မှုကျူးလွန်သူ ၂၁၇၃ ယောက် ရှိတယ်လို့လည်းပြောပါတယ်။ ဒီထဲမှာ ၃၆၉ မှုကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၄ မှု ကျန်သေးတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမှုပေါင်း ၁၀၇၇ မှု ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခဲ့တာက ၅၄၆ မှု ရှိတယ်လို့ သူကပြောပါတယ်။ ဒီထဲမှာ အမှု ၂၀၀ ကို ပိတ်သိမ်းခဲ့ပြီး တမှုကတော့ ဥပဒေအကြံပြုချက် တောင်းခံဆဲဖြစ်လို့ ၃၄၅ မှု ကို တရားစွဲတင်ထားပြီလို့လည်း သူကပြောပါတယ်။
စစ်ကောင်စီ ကော်မရှင်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အပြစ် မရှိကြောင်း တရားရုံးမှာ ငြင်းဆိုထားသလို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွပ်စွဲထားတဲ့ ရွေးကောက်ပွဲအမှု ၂ မှုကိုလည်း တရားရုံးက ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ပါတယ်။