မြန်မာပြည်တွင်းရွှေဈေးနှုန်းတွေ စံချိန်တင်မြင့်တက်လာနေချိန်မှာ ရွှေဒင်္ဂါးပြားတွေကို လွတ်လပ်စွာ ရောင်းချပေးဖို့ စီစဉ်နေပါတယ်။
စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို လွတ်လပ်စွာ ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ စက်တင်ဘာ ၁ ရက်ညက MRTV ရုပ်သံသတင်းမှာ ကြေညာသွားတာဖြစ်ပါတယ်။
ရွှေဒင်္ဂါးပြားတွေကို ဘယ်နေ့ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်လို့ ရောင်းချမယ်ဆိုတာကိုတော့ သတင်းမှာ အသေးစိတ်ကြေညာသွားတာမရှိပါဘူး။
ဒေါ်လာစျေးနဲ့ ချိတ်ဆက်နေတဲ့ ပြည်တွင်းရွှေစျေးဟာ သြဂုတ် ၃၁ ရက်က တကျပ်သားကို ကျပ် ၃၆ သိန်းဝန်းကျင်ထိ စံချိန်တင် အမြင့်စျေးရောက်ရှိခဲ့သလို ဒေါ်လာဈေးကလည်း တဒေါ်လာ ကျပ် ၅,၀၀၀ နီးပါးထိ အမြင့်ဆုံးကို တက်သွားခဲ့ပြီးနောက် အခုလို ရွှေဒင်္ဂါးပြားတွေ ရောင်းချဖို့ စစ်ကောင်စီက စီစဉ်လာတာပါ။
စက်တင်ဘာ ၁ ရက် နေ့ညနေပိုင်းမှာတော့ ရွှေတကျပ်သားကို ကျပ် ၃,၀၁၀,၀၀၀ ဝန်းကျင်ထိ ပြန်လည် ကျဆင်းသွားသလို ဒေါ်လာဈေးကလည်း တဒေါ်လာကို ၃,၆၀၀ ကျပ်ဝန်းကျင် ပြန်လည်ကျဆင်းခဲ့တယ်လို့ ငွေကြေးဈေးကွက်အတွင်းကနေ သိရပါတယ်။
စက်သုံးဆီစျေး မြင့်တက်မှုကနေ အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေဖို့ဆိုပြီး စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စျေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချထားပေးမယ်လို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ဗဟိုဘဏ်က ၁၉၉၁ ခုနှစ်ကတည်းကစပြီး တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားစတဲ့ ရွှေဒင်္ဂါးတွေကို ရောင်းချခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့ ငါးမူးသားရွှေဒင်္ဂါးကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံပါတဲ့ ပုံစံအသစ်နဲ့ ပြောင်းလဲထုတ်လုပ်ရောင်းချခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းခင်ကတော့ ငါးမူးသား ရွှေဒင်္ဂါးတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွေမှာ နေ့စဉ်ပေါက်ဈေးအပေါ် မူတည်ပြီး အလျော့တွက်နဲ့ ကုန်ကျစရိတ် ကျပ်၂၅၀၀၀ ထပ်ပေါင်းပြီး ၀ယ်ယူနိုင်တာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် သတင်းပို့ဆက်သွယ်သူ ၇၀၂ ဦး တို့ရဲ့ အမှုတွေကို ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အများအပြားကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက အမှုဖွင့်ခဲတာဖြစ်ပါတယ်။ အခု အမှုပိတ်သိမ်းပေးလိုက်သူတွေဟာ ဘယ်သူတွေဖြစ်တယ် ဘာအမှုတွေ ပိတ်သိမ်းပေးလိုက်တယ်ဆိုတာကိုတော့ စစ်ကောင်စီ သတင်းမှာ အသေးစိတ် ဖော်ပြခြင်းမရှိပါဘူး။
စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူတွေ မိမိသဘောဆန္ဒအလျောက် ဆက်သွယ် သတင်းပို့ပါက၊ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခြင်းမရှိပါက ဖွင့်ထားတဲ့ အမှုတွေကို ဥပဒေနဲ့အညီ ပိတ်သိမ်း၊ ရုပ်သိမ်းတာတွေကို ဆက်လက် ဆောင်ရွက်ပေးသွားမယ်လို့ လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကတည်းက အရေးယူထားမှုတွေကို ဥပဒေနဲ့ အညီ ပြန်လည်ဖြေလျှော့ပေးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၅၃၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းအရတော့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ ဖမ်းဆီးခံရသူပေါင်း ၆၆၆၆ ဦးရှိပြီး ဒီအထဲက ၂၈၀ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့သိရပါတယ်။
ဒါအပြင် နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ စက်တင်ဘာ ၂၀ ရက် အထိ ၁၁၁၄ ဦး ရှိပြီလို့လည်း AAPP မှတ်တမ်းအရ သိရပါတယ်။