close

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး

close

December 31, 2021

တောင်ငူမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ကျနော်တို့လည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့လေ။ သေနတ်သံကြားလို့ ကြည့်လိုက်တော့မှ လူတယောက်သေနတ်နဲ့အပစ်ခံရတာ။ စုံစမ်းလိုက်တော့မှ အုပ်ကြီးဖြစ်နေတယ်” လို့ ပြောပြပါတယ်။

ဦးဇော်မင်းဦးဟာ ဦးခေါင်းကို သေနတ်နဲ့အနီးကပ်ပစ်ခတ်ခံလိုက်ရတဲ့အတွက် နေရာမှာတင်သေဆုံးသွားပြီး စစ်ကောင်စီတပ်သားတွေ ရောက်လာကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိသားစုဝင်တဦးက “သူ့ကို ဒလန်လုပ်တယ်ဆိုပြီး နာမည်ထွက်နေတယ်ကြားနေလို့ အလုပ်ကနေထွက်ပြီး တနေရာရာသွားနေဖို့ တဖွဖွပြောနေတဲ့ကြားက ခုလိုဖြစ်သွားတာပါ” လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးတဲ့အပြင် တောင်ငူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “ရဲလုပ်ငန်းစဉ်အတိုင်း ဆက်လုပ်နေပါတယ်” လို့ တာဝန်ကျရဲဝန်ထမ်းက ပြန်လည်ဖြေဆိုပါတယ်။

တောင်ငူမြိုက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားတဲ့ လူငယ်တွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေမှာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့လအနည်းငယ်ကလည်း ဦးဇော်မင်းဦးရဲ့ နေအိမ်ရှေ့မှာ ဗုံး ၁ လုံး နဲ့ အမှတ် ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဘေးက တာဝါတိုင်မှာ ဗုံး ၁ လုံး ပေါက်ကွဲခဲ့ဘူးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပဲခူးတိုင်းအတွင်း ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ငါးကြီးကွေ့ကျေးရွာထိပ်လမ်းရန်ပုံငွေပြုလုပ်တဲ့ လောင်းကစားဝိုင်းမှာလည်း ဒီဇင်ဘာ ၃၀ ရက်နေ့ည ၈ ခွဲဝန်းကျင်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ အဆိုပါနေရာကို ရောက်ရှိခဲ့သူတွေဆီက သိရပါတယ်။

8 mins Ago

November 18, 2021

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၀ ကျော်ရှိတဲ့အနက်  ရပ်ကျေး အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက်ပြီးပြီလို့  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

“ဒီပဲယင်းမြို့နယ်မှာတော့ စစ်ကောင်စီက ခန့်အပ်တယ်သာဆိုတာ၊ ခန့်အပ်ခံရသူတွေဟာ ခန့်အပ်ပြီးမကြာခင်မှာဘဲ ဆက်တိုက် နုတ်ထွက်လာတာ ဒီနေ့အထိပါပဲ။ သေဆုံးတာ အနည်းငယ်ရှိပေမဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းလိုတဲ့အတွက် နုတ်ထွက်ကြတာများတယ်။ အန္တရာယ် အ‌ကြောင်းအမျိုးမျိုးကြောင့်လို့ အကြောင်းပြ နုတ်ထွက်သူဆိုလို့ ဝပါကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးသာရှိပါတယ်”လို့  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ် ။

ဒီပဲယင်းမြို့နယ်မှာ ဒီပဲယင်းရပ်ကွက် ၂ ခုနဲ့ စိုင်ပြင်ရပ်ကွက် ၅ ခု အပါအဝင် ကျေးရွာအုပ်စုပေါင်း ၆၃ အုပ်စုရှိပြီး၊ နိုဝင်ဘာ ၁၈ ရက်အထိ နုတ်ထွက်ခြင်းမပြုရသေးတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁၃ ဦးသာ ကျန်ရှိပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ ဒီပဲယင်း ၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး မြို့နယ် ၄ ခုဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အများဆုံး နုတ်ထွက်ထားတာဖြစ်ပါတယ်။

1 month Ago
Up