စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီးနဲ့ တိုင်းအတွင်းရေးမှူးတို့ကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန် ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ထောင်ဒဏ် ၁၅ နှစ်၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင်ဒဏ် နှစ် ၂၀၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်ကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သုံးဦးစလုံး အဂတိအမှုတွေချည်းပဲ။ ဦးလှစိုးက ပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၁၅၊ ဦးအောင်သန်းဦးက ပုဒ်မ ၅၅ ပဲ ထောင်ဒဏ်နှစ် ၂၀၊ ဦးအောင်သန်းဦးက ပုဒ်မ ၅၅ ရယ် ၅၆ ရယ် သူကတော့ ၆ နှစ်ပဲကျတယ်။”
ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးခဲ့ပြီး သူရဲ့ဖော်ချက်နဲ့ ဦးအောင်သန်းဦးကို မတ်လအတွင်း ဖမ်းဆီးခဲ့ကာ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးကို မေလမှာ ထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထွေအုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“စစ်တပ်က ရာထူးကြီးတဲ့သူတယောက်နဲ့ မြေယာကိစ္စ ပြဿနာတက်ရင်း အဖမ်းခံရတာကနေ အဂတိအမှုနဲ့ အမှုဖွင့်တာ။”
စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇွန်လ ၁၅ ရက်နေ့မှာ အဆိုပါသုံးဦးကို သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ အဂတိပုဒ်မတွေနဲ့ အမှုဖွင့်တာ ဖြစ်ပါတယ်။
ဒီကနေ့ ထောင်ချခံရသူသုံးဦးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က အသစ်ပြန်လည်ဖွဲ့စည်းတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုသူ ဦးလှစိုးက ကုန်စျေးနှုန်းတွေ ကျဆင်းဖို့ ပြည်တွင်းက ကုန်သည်အသင်းအဖွဲ့တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတာကြောင့် ဗေဒင်ဟောကိန်း မဟုတ်ပေမဲ့ ရန်ကုန်တိုင်းအတွင်း ဆန်၊ ဆီ၊ ဆေး ကုန်စျေးနှုန်းတွေ ကျလိမ့်မယ်လို့ သူ့ရဲ့လူမူကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တဦးက ကုန်သည်တွေကို ဖိအားပေးပြီး ကုန်ဈေးနှုန်း ကျဆင်းဖို့ လုပ်ဆောင်တာက နည်းလမ်းဟောင်းတခုသာ ဖြစ်ပြီး ရေရှည်အတွက် ထိရောက်တဲ့နည်းလမ်း မဟုတ်ဘူးလို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။
“စစ်တပ်က အရင်တုန်းကလည်း အဲဒီလိုပဲ ဖြေရှင်းခဲ့တာ။ ကုန်စျေးနှုန်းတက်ပြီဆိုရင် ဝိသမ လောဘသမားတွေ ဆိုပြီးတော့ ကုန်သည်အကြီးကြီးတွေကို ဖမ်းပြ၊ အခြေခံကုန်ပစ္စည်းတချို့ကို အစိုးရက ရောင်းပေးတယ်ဆိုပြီးလုပ်၊ စသဖြင့် ဒါတွေ လုပ်ခဲ့တာ မဆန်းဘူး။ စစ်တပ်က အဲဒီပုံစံမျိုးအတိုင်းပဲ ကျင့်သုံးခဲ့တယ်။ အဲဒါတွေက မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ နိုင်ငံရေးအရ အဖြေမရှာနိုင်ရင်တော့ ပိုပိုဆိုးလာဖို့ပဲရှိတယ်လို့ပဲ သုံးသပ်ပါတယ်။”
ဒါ့အပြင် နိုင်ငံရဲ့ လူမူစီးပွားရေးတွေက နိုင်ငံရေးအခြေအနေပေါ်မှာပဲ မူတည်နေတာဖြစ်လို့ နိုင်ငံရေးအရသာ အဖြေရှာသင့်တယ်လို့လည်း စီးပွားရေးပညာရှင်က ဆိုပါတယ်။
နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ရင် ကုန်စျေးနှုန်းမြင့်တက်တဲ့ ပြဿနာအပြင် ကျန်ပြဿနာတွေပါ ဖြေရှင်းရ ခက်ခဲမယ်လို့လည်း ပြောပါတယ်။
ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ငွေသား မလည်ပတ်တာ၊ သယ်ယူစရိတ်တွေ မြင့်တက်တာနဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှု နှောင့်နှေးနေပါတယ်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းကို ကုန်ပစ္စည်း ပုံမှန်ပြန်လည်ဝင်ရောက်မှု လျော့ကျနေပြီး အခြေခံစားကုန်တွေအပြင် လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေပါ စျေးမြင့်တက်နေပါတယ်။