ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကိုင်းသောင်ရွာမှာ စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးက ငါးဖမ်းလှေတွေဆီကနေ တစီးကို ကျပ် ၁ သိန်းစီတောင်းခံ ဆက်ကြေးတောင်းနေသလို စစ်ကောင်စီကင်းစခန်းကလည်း ငါး၊ ပုစွန်တွေ တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးအသစ် ခန့်လိုက်ပြီးတာနဲ့ ဒီလိုတွေ လုပ်တာပဲ။ တခြားရွာတွေမှာ မကောက်ဘူး။ ပြောရရင် ရွာသားက သင်ပေးတာပေါ့။ အရင်ခေတ်ကလည်း ရွာမှာ အဲလိုရှိခဲ့ဖူးတာကိုး။ ရွာက ငါးဖမ်းလှေတွေကို အစည်းအဝေးခေါ်ပြီးပြောတာ။ ရွာမှာက ကမ်းနီးထွက်နေတဲ့ ငါးဖမ်းလှေ ၁၀၀ ကျော်ရှိတယ်” လို့ ပြောပါတယ်။
ဧည့်စာရင်းတိုင်တဲ့အခါမှာလည်း ကျပ် ၁၀၀၀ စီပေးရပြီး ထောက်ခံစာတွေ ယူတဲ့အခါမှာတော့ ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ အထိပေးရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ဧည့်စာရင်းကို ရွာအဝင်က ရေကင်း(စစ်တပ်)မှာလည်း တိုင်ရပြီး အဲဒီရေကင်းဟာ ငါးဖမ်းလှေတွေဆီကကနေ နေ့တိုင်း ငါး၊ ပုစွန်တွေ တောင်းခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေကင်းမှာ မော်တော်အဝင်အထွက် တုံးထုရတယ်။ ပြန်ဝင်လာရင် ငါးဟင်းစား ပေးရတယ်။ နေ့ဘက်ဆိုရင် စစ်သားတယောက်က ရေခဲပုံးနဲ့ ရွာမှာ လာလာသယ်တယ်။ ငါးခြောက်ဆို သူတို့ဆီမှာ အိတ်လိုက်ပဲ။ မြို့တင်ပြီးရောင်းလား၊ သူတို့အိမ်ပဲ ပို့ပေးတာလားတော့ မသိဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မုန်တိုင်းရှိတဲ့အခါ အနီးနားက ကျေးရွာကလှေတွေ ရွာမှာလာကပ်ရင်လည်း ရေကင်းကိုရော၊ ရွာအုပ်ချုပ်ရေးမှူးကိုပါ ငွေပေးရတယ်လို့ ရွာသားတွေထံက သိရပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ထင်းမယ်ကျေးရွာမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးကို ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ဦးပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရတဲ့အမျိုးသားသုံးဦးကတော့ ချောင်းတဖက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်၊ ကြံ့ခိုင်ရေးပါတီဝင် ဦးသောင်းညွန့်နဲ့ အမည်မသိအ မျိုးသားတစ်ဦးတို့ဖြစ်ကြပါတယ်။
“ဖမ်းဆီးခံရတာကတော့ သုံးဦးပါ။ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကို ဖမ်းထားခဲ့ပြီး ကျန်နှစ်ဦး ပြန်လွှတ်လိုက်ပါပြီ။ ဘာကြောင့် အဲလိုလုပ်တာလဲဆိုတာ မသိရသေးပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလိုမျိုး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ အခုလက်ရှိ ဖမ်းထားတဲ့လူတွေနဲ့ ပတ်သက်မှုမရှိပါဘူးလို့ ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲနဲ့ တောင်ငယ်ရွာမှ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးနဲ့အတူ စစ်ကူလိုက်ကာတောနင်းရှာနေလို့ ဒေသခံဥယျာဉ်ခြံလုပ်သားတချို့ စိုးရိမ်ပြီး ထွက်ပြေးနေရပါတယ်။