အာဏာသိမ်းစစ်ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် အသုံးစရိတ်ဘတ်ဂျက်ကို ကျပ်ငွေ ၃၇၀၀ ဘီလီယံကျော်ကို ချပေးလိုက်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်က မတ်လ ၂၉ ရက်နေ့စွဲနဲ့ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေမှာ ကာကွယ်ရေး အသုံးစရိတ်ကို ငွေကျပ် သန်းပေါင်း ၃,၇၀၃,၈၆၆ ဒသမ ၇၉၈ ( ၃၇၀၀ ဘီလီယံကျော်)ကို ချပေးထားတာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအတွက်လည်း ကျပ်သန်းပေါင်း ၅၁၁,၂၁၉ ဒသမ ၄၃၂ ချထားပေးထားပြီး ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနနှစ်ခုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၄,၂၁၅,၀၈၆.၂၃ ( ၄၂၁၅ ဘီလီယံကျော်) ရှိပါတယ်။
ပညာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကတော့ ကျပ်သန်းပေါင်း ၂,၁၆၄,၂၉၈ ဒသမ ၂၀၈ ကျန်းမာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကတော့ ကျပ်သန်းပေါင်း ၈၆၁,၂၉၁ ဒသမ ၈၂၅ရှိတဲ့အတွက် ပညာရေးနဲ့ ကျန်းမာရေးဌာန နှစ်ခုပေါင်း ဘတ်ဂျက် ကျပ်သန်းပေါင်း ၃၀၂၅,၅၉၀ ဒသမ ၀၃၃ ( ၃၀၂၅ ဘီလီယံကျော်) ရှိပါတယ်။
ဒါကြောင့် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ထက် ကျပ်ငွေ ဘီလီယံ ၇၀၀ လောက်ပိုများနေတာတွေ့ရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနဟာ နှစ်စဉ် နိုင်ငံတောဘတ်ဂျတ်တွေ ပိုပိုသုံးစွဲလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ၁,၉၀၅ ဒသမ ၁၉၅ ဘီလီယံ ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၃,၂၄၁ ဒသမ ၃၆၅ ဘီလီယံ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ၃,၃၇၀ ဒသမ ၇၉၈ ဘီလီယံ အသုံးပြခဲ့ပြီး အခုနှစ်မှာတော့ ကျပ်ငွေ ၃၇၀၀ ဘီလီယံအထိ ဘတ်ဂျက်တိုးမြှင့် သုံးပြုလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးနိုင်ခြင်းမရှိတော့ဘဲ အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်အတည်ပြု သုံးစွဲခွင့်ရနေတာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေဟာလည်း ပြည်သူပိုင်ဘဏ္ဍာငွေကိုအသုံးပြုပြီး နိုင်ငံအနှံ့အပြားမှာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ် ရွာမီးရှို့ မြေပြင်မှာစစ်ဆင်နေသလို လေကြာင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေတာဖြစ်ပါတယ်။
Photo Credit-DSINFO