မွန်ပြည်နယ်၊ သထုံမြို့က အခြေခံလူတန်းစားပြည်သူတွေကို လိုက်လံကူညီနေတဲ့ Thanton Donation Team အဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံရပြီးနောက် အဖွဲ့ဝင်တွေအားလုံး တိမ်းရှောင်နေရလို့ ကူညီရေးလုပ်ငန်းစဉ်တွေရပ်ဆိုင်းလိုက်ရပြီးလို့ အဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
Thanton Donation Team အဖွဲ့ဟာ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန် ပစ္စည်း ၄ မျိုးကို ငွေကျပ် ၃၀၀ နဲ့ လိုက်လံရောင်းချပေးနေတဲ့ ပရဟိတအဖွဲ့တစ်ခု ဖြစ်ပါတယ်။
အဖွဲ့ဝင် ဒေါ်ချောစုကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွဲစွပ်ချက်နဲ့ သြဂုတ် ၁၆ ရက်နေ့က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ အဖွဲ့ဝင်အားလုံးကို ဖမ်းဆီးစစ်ဆေးဖို့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက စီစဉ်နေတဲ့အတွက်ကြောင့် လက်ရှိမှာ အဖွဲ့ဝင်အားလုံး တိမ်းရှောင်နေရပါတယ်။
Thanton Donation Team အဖွဲ့က နိုင်ငံရေးလုပ်တာ မဟုတ်ဘဲ ပြည်သူတွေကို ကူညီနေတဲ့အဖွဲ့ တစ်ခုဖြစ်ပြီး အခုလို ဖမ်းဆီးတာကို နားမလည်နိုင်ဖြစ်ရတယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပြည်သူတွေကို လိုက်လံကူညီစဉ်ကလည်း ရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံမေးမြန်းတာတွေ ရှိခဲ့ပြီး လှူဒါန်းတဲ့ ပစ္စည်း စာရင်းတွေကို နေ့စဉ် တင်ပြပေးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကြောင့် ပြည်သူတွေကို မကူညီနိုင်တော့လို့ စိတ်မကောင်းဖြစ်ရတယ်လို့ Thanton Donation Team က ဒီကနေ့ သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲက ကျေးရွာတချို့မှာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၆ ရက်ကနေ ၂၈ ရက်အထိ တောင်တွင်းကြီးမြို့နယ်အတွင်းက ကုက္ကိုခွကျေးရွာ၊ ထန်းပင်စုကျေးရွာ၊ ဟံသာတိုက်ကျေးရွာတွေ က ပြည်သူတချို့ရဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး ပြည်သူတချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၂၈ ရက်က ကုက္ကိုခွကျေးရွာက ပြည်သူတွေရဲ့ နေအိမ်အချို့ကို လာရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့သလို ဟံသာတိုက်ကျေးရွာမှာလည်း သားဖြစ်သူအား မတွေ့တဲ့အတွက် ဖခင်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ ကျေးရွာသားတွေဆီက သိရပါတယ်။
ဟံသာတိုက်ကျေးရွာ ဒေသခံတစ်ဦးက “စစ်ကားတွေနဲ့ စစ်သားတွေလာတာ။ ရွာက ကလေးတစ်ယောက်ကို ဒလန်သတင်းပေးက သတင်းပေးလို့ လာဖမ်းတာတဲ့။ အဲဒီကလေးက အရင်ကတည်းက ရွာမှာသိပ်နေတာမဟုတ်ဘူး။ နယ်တွေထွက်ပြီးအလုပ်လုပ်နေတာ။ အလုပ်တွေမကောင်းလို့ အိပ်ခဏပြန်လာတာကို PDF နဲ့ချိတ်ဆက်ပါတယ်ဆိုပြီး တိုင်တာတဲ့။ သူ့မတွေ့တော့ သူ့အဖေ ကိုဖိုးဇော် ကိုဖမ်းသွားတယ်” လို့ ပြောပါတယ်။
အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက “ထန်းပင်စုရွာက ကိုဇော်မင်း နဲ့ ကိုအောင်ဇော်မြင့် ၂ ယောက်ထဲက ကိုအောင်ဇော်မြင့် တော့ပြန်လွတ်လာပြီ။ ကိုဇော်မြင့်တော့ မလွတ်သေးဘူး။ သူကရန်ကုန်မှာ အလုပ်လုပ်နေရင်း ကိုဗစ်ကြောင့်အလုပ်ပိတ်လို့ ပြန်လာတာကို ရွာကဒလန်က တပ်ကိုမဟုတ်မမှန်သတင်းပေးလို့ ၂၆ ရက်နေ့က အိမ်လာပြီးဖမ်းသွားတာ” လို့ ပြောပါတယ်။
တောင်တွင်းကြီးမှာ ဒလန်သတင်းပေးတွေကြောင့် လူငယ်တွေ မကြာခဏ အဖမ်းခံရတာတွေရှိသလို အဖမ်းခံရသူတွေပြန်လွတ်လာရင်လည်း ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေရလို့ လချီပြီးဆေးကုသခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေဆီက သိရပါတယ်။